ရာသီတုပ်ကွေး H1N1 မှာ နှစ်စဉ်ဖြစ်ပွားတတ်သည့် ရောဂါဖြစ်သဖြင့် အခြားကူးစက်ရောဂါများနည်းတူ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆက်လက်လုပ်ဆောင်မည်

ရာသီတုပ်ကွေး H1N1 မှာ နှစ်စဉ်ဖြစ်ပွားတတ်သည့် ရောဂါဖြစ်သဖြင့် အခြားကူးစက်ရောဂါများနည်းတူ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆက်လက်လုပ်ဆောင်မည်
Published 13 May 2018

ရာသီတုပ်ကွေးရောဂါမှာ နှစ်စဉ်ဖြစ်ပွားတတ်သော ရောဂါဖြစ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါစသည့် ကူးစက်ရောဂါများနည်းတူ စောင့်ကြပ်ကြည့်ရှု၍ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို လာမည့်နှစ်များတွင်လည်း စီမံချက်များ ချမှတ်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလတွင် ပိုမိုဖြစ်ပွားကူးစက်တတ်ရာ ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို ရေးဆွဲ၍ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို Pandemic Influenza Preparedness (PIP) Framework နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ (၂၀၀၅) နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Pandemic Influenza Preparedness Strategic Plan ကို ပြန်လည်သုံးသပ်ပြီး ကူးစက် ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရာသီတုပ်ကွေးရောဂါဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် စီမံခန့်ခွဲရေးဗဟိုဌာန ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အဆင်သင့်ရှိစေရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ နှစ်စဉ်မိုးရာသီမတိုင်မီ ကြိုတင်ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို အဆင့်မြှင့်တင်ခြင်း၊ ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှုမဖြစ်စေရေးအ တွက် အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းနှင့် ရာသီတုပ်ကွေးရောဂါဆိုင်ရာ သုတေသနလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသေဆုံးနှုန်း သိသာစွာ ကျဆင်းသွားပြီး ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးမှုအဆင့်ကို လွန်စွာကျဆင်းလာသောအဆင့် (Very low case fatality) အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပြီးဖြစ်သည်။

ရာသီတုပ်ကွေး H1N1 ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဌာန အခြေပြုနှင့် ပြည်သူလူထု အခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်မှ သြဂုတ်လ ဒုတိယပတ်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှု၊ H1N1 ပိုးတွေ့ရှိမှု၊ သေဆုံးမှုတို့မှာ ရောဂါကူးစက်မှု အခြေအနေ သုံးသပ်ချက်အရ Ascending Lime နှင့် Peak Period ရောဂါဖြစ်ပွားမှု အများဆုံးကာလအဖြစ် သုံးသပ်ခဲ့ပြီး ရောဂါဖြစ်ပွားမှု အခြေအနေ၊ သေဆုံးမှု အခြေအနေမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၁၅ ရက်မှစ၍ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ILI & SARI Sentinel Surveillance အဖြစ် ဆေးရုံကြီးခုနစ်ရုံတွင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent