ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် လူမနေသည့် နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းမှုြုဖစ်ကာ နေအိမ် ၉၄ လုံးအား မီးကူးစက်မှုဖြစ်ပွား

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် လူမနေသည့် နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းမှုြုဖစ်ကာ နေအိမ် ၉၄ လုံးအား မီးကူးစက်မှုဖြစ်ပွား
Published 13 May 2018

မေလ ၁၂ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့သည့် ဝဘော်ကြီးကျေးရွာအား တွေ့ရစဉ် (Photo: Khinmg htoo)

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မေလ ၁၂ ရက် ည ၁၁ နာရီခန့်တွင် လူမနေသည့် နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ကာ နေအိမ် ၉၄ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

"ဝဘော်ကြီးမှာ နေအိမ် စုစုပေါင်း ၉၄ လုံး မီးလောင်ခဲ့ပါတယ်။ မီးက ရှို့မီးဖြစ်ပြီးတော့ လူမနေတဲ့ အဘိုးကြီးအိမ်က စလောင်တာပါ။ လူမနေတဲ့အိမ်က ဦးအောင်ဘသိန်း၊ အသက် ၇၈ နှစ် ဆိုသူရဲ့အိမ်ပါ ။သူတို့က ပြောင်းရွှေ့သွားပါပြီ။ မီးလောင်သွားတဲ့ ၉၄ လုံးထဲမှာ လူမရှိတဲ့ အိမ်က ၆၈ လုံးပါ။ အဲဒီ ၆၈ လုံးက လူတွေက သီလာဆိုတဲ့ ရွာကိုပြောင်းသွားပါပြီ။ ၂၆ လုံးမှာ လူရှိပါတယ်။ မီးဘေးသင့်သူ ၁၀၃ ဦးက အခုလောလောဆယ်မှာ Cyclone shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေပါတယ် " ဟု မြေပုံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းသူက ပြောသည်။

Photo: Khinmg htoo

အဆိုပါ ဝဘော်ကြီးကျေးရွာသည် ယခင်က အိမ်ခြေ ၁၇၅ လုံး ရှိခဲ့သော်လည်း ရာသီဥတုဒဏ်ကို စိုးရိမ်သဖြင့် နေအိမ်အလုံး ၄၀ သည် ရန်ကုန် - စစ်တွေ ကားလမ်းဘေး သီလာကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရာ လက်ရှိ ယင်းကျေးရွာသည် နေအိမ် ၁၃၅ လုံး ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

"မီးက မနေ့က ည ၁၁ နာရီလောက်မှာ လူမနေတဲ့ နေအိမ်တစ်လုံးက စလောင်တာဖြစ်တယ်။ အားလုံး ကူးစက်လောင်သွားတာပါ။ မီးမလောင်တဲ့ နေအိမ်က အလုံး ၄၀ ကျန်ပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်က ၉၅ လုံး ဖြစ်ပါတယ်။ မီးဘေးဒုက္ခ ရောက်နေသူတွေက Cyclone shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်။ မြို့နယ်က တာဝန်ရှိသူတွေလည်း ရောက်နေကြပါပြီ" ဟု ဝဘော်ကြီးကျေးရွာသို့ ရောက်ရှိနေသည့် ဦးကျော်သိန်းက ပြောသည်။

လက်ရှိ ဝဘော်ကြီးကျေးရွာတွင် နေထိုင်သူဦးရေမှာ ကျား ၂၈၅ ဦး ၊ မ ၃၀၂ ဦး ပေါင်း ၅၈၇ ရှိကြောင်း သိရသည်။

Most Read

Most Recent