မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Published 13 May 2018

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် သူရဦးစစ်မောင်လမ်းရှိ နန်းဦးရင်ခွင်တည်းခိုခန်း၌ မေ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်က ၎င်းတည်းခိုခန်းတွင် တည်းခိုနေသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု ၃၈ (မော်လမြိုင်) မှ ဒုရဲမှူး စောမိုးအောင်ဦးစီးသော တပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနမှ ရဲအုပ်ကျော်ဆန်း ဦးစီးတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် သူရဦးစစ်မောင်လမ်းရှိ နန်းဦးရင်ခွင်တည်းခိုခန်း၊ အခန်းအမှတ် ၂၀၅ အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ အခန်းအတွင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပန်းဆက်ရပ်ကွက် ပန်းဆက်လမ်းနေ ဇော်နိုင် ၃၈ နှစ် (ဘ) ဦးချစ်တင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် ဟိုင်းဟွန်ကျေးရွာနေ စိုင်းခမ်းကူ ၂၂ နှစ် (ဘ) ဦးစိုင်းမွန်တို့နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့နှစ်ဦးထိုင်နေသည့် မွေ့ရာခုတင်ပေါ်မှ တိပ်အကြည်ဖြင့်ပတ်လျက် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားသော WY စာတန်းနှင့် R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၃၈ ထုပ်၊ ပေါင်း ၇၆၀၀ ပြား၊ WY စာတန်းနှင့် R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြားပါ တစ်ထုပ်၊ R စာတန်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြားပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၈၅၀ ပြား၊ ငွေစက္ကူရောရာ ကျပ်၂၃၀၀၀ နှင့် ၎င်းတို့အသုံးပြုစီးနင်းလာသော Mark II အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အမှတ် 6K---- နံပါတ်တပ်ဆင်ထားသည့် လိုင်စင် (စိစစ်ဆဲ) မော်တော်ယာဉ်တစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“အခန်းထဲမှာတော့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ရေသန့်ဘူးကို အအေးစုပ်ပိုက်တပ်လျက် ပလတ်စတစ်ရေသန့်ဘူးခွံ နှစ်ခုကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။ သူတို့စီးလာတဲ့ မော်တော်ယာဉ်ထဲမှာလည်း ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမဲ့ မူးယစ်ဆေးဝါးတွေကိုတော့ တွေ့ရှိရခြင်းမရှိပါဘူး။ မော်တော်ယာဉ်ကိုတော့ လိုင်စစ်စိစစ်ဆဲပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိုင်သာယာနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်” ဟု ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇော်နိုင်နှင့် စိုင်းခမ်းကူတို့နှစ်ဦးအပေါ် မြိုင်သာယာနယ်မြေရဲစခန်းမှ မယ (ပ) ၉/၂၀၁၈၊ မူးယစ်/စိတ်ပြောင်းဥပဒေပုဒ်မ-၁၉(က)/၂၀(က) /၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent