ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများ၏ ဘူတာရုံများ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ရာဇဝတ်မှုများဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ ဖြစ်နေဟုဆို

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများ၏ ဘူတာရုံများ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ရာဇဝတ်မှုများဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ ဖြစ်နေဟုဆို
Published 13 May 2018

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများ၏ ဘူတာရုံများ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ရာဇဝတ်မှုများဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ပတ်ရထားလမ်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဘူတာတွေဟာ အလွန်အင်မတန်ကို အဆင့်နောက်ကျခဲ့ပါတယ်။ နိုင်ငံတကာကိုကြည့်မယ်ဆိုရင် ဘူတာဟာ အရေးအကြီးဆုံး နေရာဖြစ်ပါတယ်။ Transit Oriented Development လုပ်မယ်ဆိုရင် ခရီးစဉ်တစ်ခုကို ချိတ်တွဲဆောင်ရွက်မယ်ဆိုရင် ဘူတာဟာ အရေးအကြီးဆုံးနေရာဖြစ်ပါတယ်။ ဘူတာရုံမှာ စားသောက်ဆိုင်တွေရှိတယ်၊ ကုန်တိုက်တွေရှိမယ်။ ဘူတာရုံတွေမှာ အပန်းဖြေအနားယူမှုတွေရှိမယ်။ အခြားသောဝန်ဆောင်မှုတွေကို လုပ်ပေးနိုင်မယ်ဆိုရင် ဘူတာရုံတွေရဲ့အဆင့်အတန်းဟာများစွာ မြင့်တက်လာမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ပတ်ရထားလမ်းတွေရဲ့ ဘူတာရုံတွေကို ကြည့်လိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဖြစ်ပါတယ်။ ဘူတာရုံတွေဟာ ရာဇဝတ်မှုတွေဖြစ်တဲ့ နေရာတစ်ခုလိုတောင် ဖြစ်နေပါတယ်။ မှောင်မိုက်တဲ့နေရာတွေဖြစ်တယ်။ ညဘက်ဆို အမျိုးသမီးတွေဟာ ဘူတာရုံနားကို မသွားရဲဘူးဆိုတဲ့ အခြေအနေမျိုးတွေမဖြစ်အောင် ဘူတာရုံတွေကို ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြို့ပတ်ရထားလမ်းရှိသည့် မြို့တော်ဆိုသည်မှာ အရှေ့တောင်အာရှတွင် အများကြီးမရှိကြောင်း၊ ကိုလိုနီလက်ထက်တွင် ရန်ကုန်မြို့တော်ကြီးကို Metropolitan ဖြစ်လာစေရန် အနာဂတ်ကိုမျှော်တွေးပြီး မြို့ပတ်ရထားလမ်းကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါကြောင့်မို့ မြို့ပတ်ရထားဘူတာရုံတွေကို ကားလမ်းရထားလမ်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့နဲ့ ရေလမ်းကိုချိတ်နိုင်မယ်ဆိုရင် ဒီနေရာတွေဟာ တန်ဖိုးရှိတဲ့နေရာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ-ပုဇွန်တောင်လိုနေရာမျိုး ဖြစ်ပါတယ်။ ပုဇွန်တောင်ဟာ တစ်ဖက်မှာ ကားလမ်းရှိပါတယ်။ တဖက်မှာရထားလမ်းရှိပါတယ်။ တဖက်မှာ ရေလမ်းရှိပါတယ်။ ငမိုးရိပ်ချောင်းဟာ ပုဇွန်တောင်ဘေးမှာ ပုဇွန်တောင်ချောင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာတွေဟာ မြို့ပြအတွက် အလွန်တန်ဖိုးရှိတဲ့ နေရာတွေဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများသည် လက်ရှိအချိန်တွင် ခေတ်နောက်ကျ ကျန်နေဆဲဖြစ်သဖြင့် အဆင့်မြှင့်တင်မှုအချို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ဂျပန်နိုင်ငံ JICA မှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုများတွင် ယခုကိစ္စအား အဓိကထားပြီး လေ့လာဆန်းစစ်ပေးနေကြောင်း၊ မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်မှုအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်မှာ ရင်းနှီးမြှုပ်နှံသူများတွက် အိပ်မက်မက်စရာတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent