မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားများနှင့် ဘောစေ့ထည့်၍ပစ်ရသော လုပ်သေနတ်လေးလက် ဖမ်းဆီးရမိပြီး အမျိုးသားနှစ်ဦးအား ဖမ်းဆီး

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားများနှင့် ဘောစေ့ထည့်၍ပစ်ရသော လုပ်သေနတ်လေးလက် ဖမ်းဆီးရမိပြီး အမျိုးသားနှစ်ဦးအား ဖမ်းဆီး
Published 13 May 2018

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်အိမ်အား စိတ်ကြွဆေးပြားသတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြားများနှင့် ဘောစေ့ထည့်ပစ်ရသော လုပ်သေနတ်မျိုးစုံလေးလက် ရှာဖွေတွေ့ရှိခဲ့ရပြီး အမျိုးသားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မေ ၁၀ ရက် ညနေပိုင်းက မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်လှမျိုးသူနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ရှာဖွေခွင့်ဝရမ်းအမှတ် ၈/၂၀၁၈ ဖြင့် ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁) နေဝေမိုးလွင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဝေမိုးလွင်အိပ်သည့် အိပ်ရာပေါ်မှ စီးကရက်ဘူးအတွင်း အဝါရောင်ပိုက်ဖြင့် ထည့်ထားသော ၈၈/၁ စာတန်းပါ နီညိုရောင် စိတ်ကြွမူးယစ်ဆေးပြား ၁၀ ပြားစီပါ နှစ်ခုပေါင်း အပြား ၂၀၊ အပြာရောင်ပိုက်နှင့် ထည့်ထားသော ၈၈/၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွတ်ဆေးပြား သုံးပြား၊ ဝေမိုးလွင် အသက် (၂၇) နှစ်နှင့် ညီညီဝင်း အသက် (၂၇) နှစ်တို့ထိုင်နေသော ကြမ်းပြင်ပေါ်မှ အပြာရောင်ပလတ်စတစ်အိတ်နှင့် ထည့်ထားသော ၈၈/၁ စာတန်းပါစိတ်ကြွမူးယစ်ဆေးပြား (၄၂) ပြားနှင့်အတူ မူးယစ်ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ငွေစက္ကူရောရာ ကျပ် ၂၀၀၀၀ တို့ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် နေအိမ်အား ဆက်လက်ရှာဖွေစစ်ဆေးရာ နေအိမ်ကြမ်းပြင်ပေါ်မှ ပြောင်းအရှည် ခုနစ်လက်မခန့် Made in China တံဆိပ်ပါ ပစ္စတိုတစ်လက် အသုံးပြုရ ကျည်အိမ်ပါ။ ပြောင်းအရှည် ခြောက်လက်မခန့် သံဘောစေ့ထည့်ပစ်ရသော တရုတ်နိုင်ငံလုပ် အနက်အဖြူရောင်ပါ ပစ္စတိုတစ်လက်၊ M1911 USARMY တံဆိပ်ပါ ပြောင်းအရှည် ခုနစ်လက်မခန့်ရှိ အဖြူရောင် သေနတ်တစ်လက်၊ ပြောင်းအရှည် ၂၃ လက်မခန့် ကိုယ်ထည် ၁၆ လက်မခန့် သံကိုယ်ထည်ပြုလုပ်ဆဲ လေအိုးတပ် သေနတ်တစ်လက်၊ ဖိုင်ဘာဖြင့် ပြုလုပ်ထားသော သေနတ်ဒင်အပိုင်းတစ်ခု၊ သေနတ်များတွင် ထည့်ပစ်ရသော FLAVOR စာတန်းပါ သံဘူးနှင့်ထည့်ထားသော သံဘောစေ့ ၃၅၀ တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက မယ (ပ) ၈/၂၀၁၈ မူးစိတ်ပုဒ်မ ၁၉ (က)၊ ၂၀ (က) ၂၁/၂၂ (ခ)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent