<

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပုသိမ်မြို့၌ မှုခင်းများထိန်းချုပ်နိုင်ရန် CCTV ကင်မရာများ တပ်ဆင်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပုသိမ်မြို့တွင် မှုခင်းဖြစ်စဉ်များ ထိန်းချုပ်နိုင်ရန် CCTV ကင်မရာအလုံး ၇၀ ကျော်အား လုံခြုံရေးအရ အရေးကြီးသည့် နေရာများတွင် တပ်ဆင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် CCTV အလုံးပေါင်း ၇၀ ကျော်အား ကနဦးအဖြစ် ပုသိမ်မြို့တွင်းရှိ အရေးကြီးအဆောက်အအုံများ၊ ရထားဂိတ်၊ ကားဂိတ်များနှင့် မီးပွိုင့်များစသည့် အရေးကြီးနေရာ ၁၅ ခုတွင် တပ်ဆင်မည်ဖြစ်ကြောင်း၊ တပ်ဆင်ထားသည့် CCTV ကင်မရာများအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် ထိန်းချုပ်မည်ဖြစ်ကြောင်း၊ CCTV ကင်မရာများ တပ်ဆင်ထားခြင်းကြောင့် မှုခင်းဖြစ်စဉ်များတွင် တိမ်းရှောင်လာသူများ အခြားသော မသင်္ကာဖွယ်ဖြစ်စဉ်များကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရရှိမည့်ဘက်ဂျက်များအလိုက် အခြားသောနေရာများနှင့် အခြားသောမြို့ကြီးများတွင်ပါ ထပ်မံတိုးချဲ့ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့မှုခင်းတွေ ဖော်ထုတ်တဲ့အခါမှာ အထောက်အကူဖြစ်စေဖို့အတွက် CCTV ကင်မရာတွေကို အရေးကြီးအဆောက်အအုံတွေ တံတားတွေ မီးပွိုင့်တွေမှာ တပ်ဆင်နေပါတယ်။ နေရာ ၁၅ ခုမှာ လောလောဆယ် တပ်ဆင်နေဆဲဖြစ်ပါတယ်။ ပထမဆုံး CCTV အလုံးပေါင်း ၇၀ ကျော်ကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေ သိန်း ၃၀၀ ကျော်နဲ့ ခွင့်ပြုချက်နဲ့ တပ်ဆင်ခြင်းဖြစ်ပါတယ်။ ဒီဟာကို အခုမေလကုန်မှာ အပြီးတပ်ဆင်သွားမှာပါ။ မီးပွိုင့်တွေမှာ တပ်ဆင်ထားတာမို့ ယာဉ်ရဲ့သွားလာမှုတွေ၊ ယာဉ်တိုက်မှုတွေမှာ အမှားအမှန်တွေကို ကျွန်တော်တို့ ပြန်လည်စိစစ်နိုင်ပါတယ်။ နောက်တစ်ခုက အခြားမြို့တွေကနေ မှုခင်းကျူးလွန်လာပြီးတော့ တိမ်းရှောင်လာတဲ့သူတွေကိုလည်း ပုသိမ်မြို့ထဲ လာရောက်ခြင်းရှိ၊ မရှိ ပုသိမ်မြို့ကနေ ဖြတ်ပြီးတော့ ဘယ်သွားတယ်ဆိုတာကို ကျွန်တော်တို့ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ အခြားသော လုံခြုံရေးနဲ့ပတ်သက်တဲ့ အထောက်အကူပြုမှုတွေလည်း အများကြီးရှိပါတယ်။ ဒီ CCTV ထိန်းချုပ်ခန်းကို တိုင်းရဲတပ်ဖွဲ့ရုံးမှာ ထားရှိပြီးတော့ ဒါတွေကို ကြည့်ရှုသွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ပထမလေးလပတ် ကာလအတွင်း အမှုကြီး ၁၇၁ မှုအထိဖြစ်ပွားခဲ့ပြီး မုဒိန်းမှု ၉၂ မှု၊ လူသတ်မှု ၅၈ မှုရှိခဲ့ကာ အခြားသောအမှုပေါင်း ၃၀၄၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 12, 2018














Copy Protected by Chetan's WP-Copyprotect.