ဘဏ္ဍာနှစ် ပြောင်းထားသည့်အတွက် မဖြစ်မနေရေးဆွဲရမည့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အဓိကထား ဆွေးနွေးအတည်ပြုမည်

ဘဏ္ဍာနှစ် ပြောင်းထားသည့်အတွက် မဖြစ်မနေရေးဆွဲရမည့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အဓိကထား ဆွေးနွေးအတည်ပြုမည်
Published 13 May 2018

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား အစည်းအဝေးခန်းမအတွင်း တွေ့ရစဉ်

ဘဏ္ဍာနှစ် ပြောင်းထားသည့်အတွက် မဖြစ်မနေရေးဆွဲရမည့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အဓိကထား ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ပြင် ပြီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးအတည်ပြုရန် ကျန်ရှိသည့် ဥပဒေကြမ်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အတည်ပြုရန်ကျန်ရှိသည့် ဥပဒေများကိုလည်း ဆက်လက်ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၉ ရက်က လွှတ်တော်ဝင်းအတွင်း ကျင်းပသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

“အရင်တုန်းက ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေမှာက အရင်တုန်းက ဘဏ္ဍာရေးနှစ်က ဧပြီကနေ မတ်လအထိ သွားတယ်။ မူလဘတ်ဂျက်ဆို ဘယ်ကနေတင် RE ဘတ်ဂျက်ဆို ဘယ်အချိန်တင် ဒါကိုလုပ်တာပါပဲ။ အခုဟာက ကျွန်တော်တို့က ဘတ်ဂျက်ကာလ အောက်တိုဘာကနေ စက်တင်ဘာအထိ ပြောင်းတဲ့ကာလမှာ အဲဒီဟာနဲ့ ကွဲလွဲတဲ့အချိန်တွေ၊ လိုက်လျောညီအောင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ့် အချိန်လေးတွေကို ပြောင်းလဲဖို့ပါပဲ” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးများကို မေ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်အသီးသီးက ကြေညာထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် သတ်မှတ်ခဲ့သည့် သမိုင်းကြောင်းကို လေ့လာပါက ဒုတိယကမ္ဘာစစ်မတိုင်မီက ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအား ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်သည့် ၁၉၄၅ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့်အချိန်အထိ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍လည်း ၁၉၇၃ ခုနှစ်အထိ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိကိုသာ ဘဏ္ဍာရေးနှစ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကာလတွင် ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်လိုသည့် အဓိကအကြောင်းရင်းမှာ ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် လိုအပ်နေသော အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် လိုအပ်နေသည့် အချိန်ဖြစ်သဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီ အများဆုံးရရှိနိုင်စေရန်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းပြောကြားထားသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေတွင် လက်ရှိဘဏ္ဍာနှစ်နှင့် ဆီလျော်ညီညွတ်စေရန် ဘတ်ဂျက်ပြင်ဆင်မှုအတွက် အချိန်ကာလ သတ်မှတ်ချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီး၊ အဆိုပါအချိန်ကာလ သတ်မှတ်ချက်များကို ပြောင်းလဲသည့် ဘဏ္ဍာရေးနှစ်နှင့် ညီညွတ်စေရန် ပြန်လည်ပြင်ဆင် အစားထိုးပြဋ္ဌာန်းရန်ကိစ္စမှာ များစွာအခက်အခဲမရှိနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုထားသည်။

Most Read

Most Recent