စစ်ပွဲများရပ်တန့်ရေး တာမွေမြို့နယ်အတွင်း ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းပြီး ဆန္ဒပြသူ ကိုးဦးခန့်အား ဖမ်းဆီး

စစ်ပွဲများရပ်တန့်ရေး တာမွေမြို့နယ်အတွင်း ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းပြီး ဆန္ဒပြသူ ကိုးဦးခန့်အား ဖမ်းဆီး
Published 13 May 2018

ကချင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း စစ်ပွဲများရပ်တန့်ရေးနှင့် စစ်ပွဲကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာ ကူညီခွင့်ရရှိရေး အရပ်ဘက်အဖွဲ့အစည်းများက မေ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်က တာမွေမြို့နယ် တာမွေအဝိုင်းအနီးတွင် ပြုလုပ်ခဲ့ကြပြီး ထိုသို့ ဆန္ဒပြတောင်းဆိုနေသူများအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းကာ ဦးဆောင်သူ ကိုးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆန္ဒပြမှုအား ရဲတပ်ဖွဲ့ဝင်များက ရဲတပ်ရင်း ရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့ဝင်များ၊ လူဖြိုခွင်းရာတွင် အသုံးပြုသည့် ရေအမြောက်ကားများဖြင့် အင်အားအများအပြား အသုံးပြုကာ ဆန္ဒပြသူများကို လမ်းများပိတ်ဆို့၍ ဖြိုခွဲဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုသူများက စစ်ပွဲများရပ်တန့်ရေးအကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များနှင့် အပြာရောင်အလံများ ကိုင်ဆောင်၍ စစ်ပွဲကြောင့် ပိတ်မိနေသူများကို လွတ်လပ်စွာ ကူညီခွင့်ရရှိရေးကို ကြွေးကြော်တောင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေးလမ်းလျှောက်မည် ဖြစ်သည့်အတွက် လမ်းလျှောက်ခွင့်ပြုရန် တောင်းဆိုကာ သက်ဆိုင်ရာက မပြုလုပ်ရန်နှင့် လူစုခွဲပေးရန်သာ အသိပေးပြောကြားခဲ့သည်။

''ကျွန်မတို့က ဘယ်အဖွဲ့အစည်း၊ ပါတီရဲ့ အမှတ်တံဆိပ်ကို ကိုင်ဆောင်သွားမှာ မဟုတ်ပါဘူး။ စစ်ပွဲများရပ်တန့်ရေးကို တောင်းဆိုတာပါ။ အဲဒီတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သွားမယ်။ ဘာပစ္စည်း၊ ဘာလက်နက်မှ မပါဘဲ သွားမှာပါ။ အဲဒီအတွက် ခွင့်ပြုပေးစေချင်ပါတယ်။ ကျွန်မတို့နဲ့ ပူးပေါင်းပါဝင်တဲ့ ငြိမ်းချမ်းရေး လိုလားသူအားလုံးကို ကျေးဇူးတင်ပါတယ်''ဟု ဆန္ဒပြရာတွင် ဦးဆောင်သည့် အမျိုးသမီးတစ်ဦးက ဆန္ဒဖော်ထုတ်စဉ် ပြောကြားသည်။

ထို့နောက် ဆန္ဒပြသူများက တာမွေ အိုးရှင်းစင်တာ အပြင်လျှောက်လမ်းရှေ့တွင် စုဝေးထိုင်ကာ ကမ္ဘာမြေငြိမ်းချမ်းရေးသီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လမ်းဖွင့်မပေးဘဲ လူစုခွဲပြန်ရန် ပြောဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့က လူစုခွဲပြီး ပြန်မှာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လမ်းဖွင့်ပေးဖို့ ပြောတယ်။ ရဲတွေက အိုးရှင်းကားပါကင်က သွားဖို့ပြောပြီးတော့ ရဲတပ်ရင်း ရဲတပ်ဖွဲ့ဝင်တွေက အတင်းဝင်လာပြီး ဝင်ရိုက် ဖမ်းဆီးတော့တာပဲ'' ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားသည်။

လတ်တလော အဖမ်းဆီးခံရသူများတွင် ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုဖိုးစိုး၊ ကိုအုပ်စိုးပိုင်၊ ကိုမြတ်ကျော်၊ ကိုပြည့်ဖြိုးပိုင်၊ ကိုရဲထွဋ်လွင် ၊ မအိအိမိုး ၊ မထားထားနွယ် အပါအဝင် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးကာ ရန်ကင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ကိုတင်ထွဋ်ပိုင်၏ Facebook တွင် ဖော်ပြထားမှုအရ သိရသည်။

ပြီးခဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖက်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူအချို့ ပိတ်မိနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent