<

ထားဝယ်မြို့တွင် နှစ် ၁၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှုဖြစ်ပွား

ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းဝင်းအတွင်းမှ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းကျောင်းဆောင်တစ်ခုမှာ မေ ၁၁ ရက် ည ၁၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် ကျောင်းဆောင်မှာ နှစ် ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ထားဝယ်သမိုင်းဝင် ရှေးဟောင်းမြေတိုက် ကျောင်းဆောင်ဖြစ်ပြီး ကျောင်းတိုက်ပေါ်၌ ရှေးဟောင်းပေစာများနှင့် ရှေးဟောင်းပစ္စည်းများ ထားရှိကြောင်း၊ မီးစတင်လောင်ကျွမ်းချိန်တွင် ကျောင်းတိုက်ပေါ်၌ ကျောင်းထိုင်ဆရာတော် တစ်ပါးတည်းရှိနေချိန်ဖြစ်ပြီး ယင်းဆရာတော်အား မီးလောင်ကျွမ်းနေသည်ကို စတင်မြင်တွေ့ခဲ့သူများက ကျောင်းတိုက်အတွင်းမှ ကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ကို ဖုန်းသတင်း စ၀င်လာတာက ၁၂ နာရီ ၂၁ မိနစ်မှာ မြေတိုက်ကျောင်း မီးလောင်နေတယ်ဆိုပြီး သတင်းဝင်လာတော့ ချက်ချင်းသွားရောက်ပြီး ကူညီပေးခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီးနဲ့ မီးသတ်တပ်ဖွဲ့ က မီးသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့တယ်။ မီးက ၂ နာရီလောက်မှာ မီးထိန်းနိုင်ပြီးတော့ ၃ နာရီကျော်ကျော်လောက်မှာ အကုန်လုံးကို မီးငြှိမ်းသတ်နိုင်ခဲ့တယ်။ မီးလောင်ခဲ့တဲ့ မြေတိုက်ကျောင်း အဆောက်အအုံက နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ကို မကြာသေးခင် လပိုင်းကပဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအတွက် လုံးဝကို ယူကျုံးမရဖြစ်ရတာပေါ့။ လူကတော့ ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး။ လာကူညီတဲ့သူတွေမှာ နည်းနည်းပါးပါး ပွန်းပဲ့ဒဏ်ရာတွေပဲရတာရှိပါတယ်” ဟု မီးလောင်ရာသို့ သွားရောက်ကူညီခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ကိုနိုင်မျိုးသွင်က ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် ငါးစီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ တို့အပြင် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ် လေးစီး၊ မြို့ပေါ်ရပ်ကွက်များရှိ ရေသယ်ယာဉ်များနှင့် မြို့ခံများဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၃၀မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုမှာ မျက်နှာကျက်ရှိ ၀ိုင်ယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်၍ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အလျား ၇၅ ပေ၊ အနံ ၅၀ ပေရှိ (ပျဉ်ခင်း-ပျဉ်ကာ-သွပ်မိုး) ခြေတိုင်ရှည် တစ်ထပ်အဆောက်အအုံ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၉၀ ကျော်ရှိခဲ့ကာ ရေဂါလန် ၂၃၈၀၀ အသုံးပြုကာ ငြှိမ်းသတ်ခဲ့ရကြောင်း ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါမြေတိုက်ကျောင်းဝန်းရှိ အလျား ၁၄၀ ပေ၊ အနံ ၁၀၀ ပေနှင့် အမြင့် ၃၀ ပေရှိသော နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ခြေတံရှည် တစ်ထပ်သစ်သားကျောင်းဆောင်တွင် သက်တော် ၈၁ နှစ် ၀ါတော် ၆၁ ၀ါရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တကလျာဏ နေထိုင်သော ကျောင်းဆောင်ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုမှာ ဘုရားခန်းရှိ ဘုရားမီးပူဇော်ထားသည့်နေရာမှ ၀ိုင်ယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းပြီး ကျောင်းဆောင်၏ မျက်နှာကျက်တစ်ခုလုံးအား လောင်ကျွမ်းရာ မီးရောင်တက်လာမှသာ မီးလောင်နေကြောင်း သိရသဖြင့် မီးသတ်ယာဉ် ရှစ်စီးနှင့် ထော်လာဂျီရေသယ်ယာဉ် ၁၀ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိသူ ကျောင်းထိုင်ဆရာတော်မှာ အသက်အရွယ်ကြီးရင့်နေ၍ အရေးယူဆောင်ရွက်ထားခြင်းမရှိကြောင်း ထားဝယ်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် မြေတိုက်ကျောင်းဆောင်ကြီးမှာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်က နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ၊ ပုရပိုက်များ၊ ပေစာများ၊ စာချွန်တော်များနှင့် ရှေးဟောင်းဆင်းတုတော်များ မီးလောင်ဆုံးရှုံးခဲ့သည်။ ထားဝယ်ဒေသ၏ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သောကြောင့် အဖိုးတန်ရှေးဟောင်းလက်ရာများပါ ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးလောင်ပြင် အပျက်အစီးများအား ရှင်းလင်းရာမှ မီးလောင်ကျွမ်းထားသည့် ရှေးဟောင်းဆင်းတုတော်အချို့နှင့် ပုရပိုက်များ၊ ရှေးဟောင်းပစ္စည်းအချို့ ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

May 12, 2018














Copy Protected by Chetan's WP-Copyprotect.