မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး
Published 13 May 2018

မကွေးတိုင်း စကုမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည်များကို တွေ့ရစဉ်

စကုမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း ၁၄၀ ခန့် ပျက်စီး

မကွေးတိုင်းဒေသကြီး စကုမြို့တွင် မေ ၁၁ ရက် ညနေ ၄ နာရီကျော်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း ၁၄၀ ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ညနေပိုင်းက မိုးအနည်းငယ် စတင်ရွာသွန်းပြီး ၁၀ မိနစ်တွင် လေပွေ လေပြင်း တိုက်ခတ်ခဲ့ရာမှ အဆောက်အအုံများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း စကုမြို့ပေါ် ရပ်ကွက်များမှ လူနေအိမ်ကိုးလုံးသည် လုံးဝပြိုလဲသွားခဲ့ပြီး ဘုရားတန်ဆောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် ၁၃၀ ကျော်သည် ခေါင်မိုးများလန်၍ ပျက်စီးခဲ့ကြောင်း စကုမြို့တွင်းရှိ သစ်ပင်ကြီးအချို့နှင့် ဆက်သွယ်ရေးတိုင်များလည်း ပြိုလဲပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ပထမမိုးလေးရွာပြီးတော့ လေတွေတိုက်လာတယ်။ လေတွေတိုက်လာပြီးတော့ ဒီအပင်တွေ ပြတ်ကျလာတာပဲ။ လေတအားတိုက်လာတော့ ထွက်ပြေးကြတယ်။ ကိုယ်လွတ်ရာလွတ်ကြောင်း ပြေးကြတယ်။ အခုမနက်တော့ မီတာဘောက်က မီးမလာတော့ပါဘူး။ ဒီမှာ သစ်ပင်တွေ လာရှင်းပေးနေကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဘွားအသက် ၆၀ ကျော်မှာ ဒီလိုလေတိုက်တာမျိုးလည်း မကြုံဖူးပါဘူး” ဟု စကုမြို့ အမှတ် (၁) ရပ်ကွက်မှ နေအိမ်ပျက်စီးခဲ့သည့် ဒေါ်လုံးက ပြောကြားသည်။

“ကျွန်တော်တို့ဘက်မှာ ဒီလိုလည်း ပြင်းပြင်းထန်ထန် တစ်ခါမှမတိုက်ဖူးဘူး။ မနေ့က လေစတိုက်တော့ လူတွေကလည်း သာမန်ပဲနေကြပါတယ်။ တကယ်လည်း ပြင်းပြင်းထန်ထန်လည်း တိုက်လာတော့ ဟိုပြေးဒီပြေး ပြေးကြတယ်။ သွပ်တွေက ကွာပြီးလွင့်လာ။ ခေါင်မိုးတွေကကွာပြီး လွင့်လာ။ အဲလိုဖြစ်မှ လူတွေက ပြေးမိပြေးရာ ပြေးကြတယ်။ တချို့လည်း အိမ်အမိုးချပ်ကြီးတွေအတိုင်း လွင့်လာတော့ ပြေးကြလွှားကြနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါတယ်။ အပျက်အစီးက ကျွန်တော့် အမှတ် (၂) ရပ်ကွက်ကတင် အိမ်ခြေ ၄၆ အိမ် ပျက်စီးပါတယ်။ အမိုးတွေ လန်ကုန်ခဲ့တာပါ” ဟု စကုမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က ဆိုသည်။

စကုမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက “ကျွန်တော်တို့ အခုပစ္စည်းဆုံးရှုံးမှု၊ ပျက်စီးမှုစာရင်းတွေ ပြုစုပြီးဖြစ်ပါတယ်။ အဲဒီစာရင်းတွေကို မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာနကနေတစ်ဆင့် လူကယ်ပြန်ဌာနကို တင်ပြသွားပါမယ်။ လူကယ်ပြန်ဌာနကနေမှ ကျွန်တော်တို့တင်ပြထားတဲ့ စာရင်းတွေနဲ့ သူတို့သတ်မှတ်ထားတဲ့ ပစ္စည်းများကို ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားသည်။

အဆိုပါ လေပြင်းမုန်တိုင်းကြောင့် စကုမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းအနီးရှိ သက်တမ်းရင့် သစ်ပင်ကြီးတစ်ပင် ပြိုလဲခဲ့ရာမှ သကျမဉ္ဇူစေတီတော်အရှေ့ဘက်ရှိ ခြင်္သေ့ရုပ်တု၏ ဦးခေါင်းပိုင်း ပျက်စီးခဲ့ကြောင်း လေပြင်းသည် လေပွေပုံစံ တိုက်ခတ်ခဲ့ပြီး အဆောက်အအုံအများစုသည် ခေါင်မိုးများလန်၍ ပျက်စီးခဲ့ကြောင်း နေအိမ်ပျက်စီးခဲ့သည့် နေရာများတွင် စကုမြို့ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လူမှုရေးပရဟိတအဖွဲ့များမှ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက် ညနေ ၃ နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာထားသော လူနေအိမ် ၁၀ လုံးခန့် အမိုးလန်ကာ နေအိမ်အချို့ပျက်စီးခဲ့ကြောင်း အရှေ့ကောက်တောင်း ကျေးရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ညနေ ၃ နာရီလောက်မှာပေါ့။ လေကြမ်းတွေတိုက်လာပြီး မိုးလည်းပါတယ်။ ရွာထဲကအိမ်တချို့ အမိုးတွေလန်ကုန်တယ်။ အမိုးတွေကတော့ ဓနိမိုး၊ ရုံးမိုးထားတာတွေပေါ့။ တချို့အိမ်တွေကျတော့ ထရံတွေကွာတယ်။ သစ်ပင် သစ်ကိုင်းတွေလည်း ကျိုးကျတယ်။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ပျက်စီးတာတွေလည်း ရွာကတွေပဲ ကိုယ့်အချင်းချင်းပြန်ကူပြီး ဆောက်ပေးနေကြတယ်” ဟု အရှေ့ကောက်တောင်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

အရှေ့ကောက်တောင်းကျေးရွာသည် ခန္တီးမြို့အောက်ဘက် မိုင် ၃၀ ခန့်အကွာ ချင်းတွင်းမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ထိုသို့လေပြင်းတိုက်ခတ်မှုမျိုး ယခင်က မဖြစ်ခဲ့ဖူးကြောင်း သိရသည်။

မေ ၁၁ ရက်က ခန္တီးမြို့ပေါ်တွင်လည်း လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ကိုင်းများ ကျိုးကျခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့စဉ်

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကာ လူတစ်ဦးထိခိုက်ဒဏ်ရာရ

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၁၁ ညပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ သက်တမ်းရင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မြို့မဈေးလမ်းရှိ ဖုန်းဆိုင်တစ်ဆိုင်အနီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကိုင်းပြုတ်ကျကာ အမျိုးသားတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းခုတင် ၂၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့ ကားကွင်းအတွင်းရှိ သက်တမ်းရင့်ညောင်ပင်ကိုင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ငါးထပ်ကြီးဘုရားလမ်း နန္ဒဝန်ရပ်ကွက် ဆုတောင်ပြည့်ဘုရားအနီး သက်တမ်းရင့် ညောင်ပင်ကိုင်း ပျက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မြို့ပေါ်ရပ်ကွက်အသီးသီးရှိ သစ်ပင်များတွင်လည်း သစ်ပင်ကိုင်းပျက်ကျခြင်း၊ နေအိမ်အမိုးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ည ၈ နာရီလောက်က လေပြင်းတိုက်ချိန် ဝုန်းဆို ကိုင်းပျက်ကျတာ။ ဓာတ်ကြိုးတွေ အပေါ်ပျက်ကျတာ။ လမ်းပေါ်ပျက်မကျတာ ကံကောင်းသွားတယ်။ အဲဒီအချိန်လမ်းပေါ် သွားလာနေကြတာ။ ဒီမနက် လျှပ်စစ်ဝန်ထမ်းတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ လာရှင်းနေတာ တွေ့ပါတယ်” ဟု နန္ဒဝန်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မေ ၁၁ ည ၇ နာရီက စစ်ကိုင်းမြို့ အမှတ် ၁၀၅ ယာဉ်ထိန်းတပ်ဖွဲ့စုရုံး အတွင်းရှိ သက်တမ်း ၁၀၀ ကျော်ရှိ မန်ကျည်းပင် အမြစ်မှကျွတ်ထွက်ကာ မြို့နယ်ပညာရေးမှူး ရုံးဝင်းအတွင်းရှိ အားကစားဆောင်ပေါ် ပြိုလဲကာ အားကစားဆောင် နောက်ခြမ်း ပျက်စီးခဲ့ရကြောင်းသိရပြီး မြို့မရဲစခန်းဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းများ အမိုးလန်ပျက်စီးခဲ့ရကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့စဉ်

မြင်းမူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံးပြိုကျကာ နေအိမ် ၁၄၁ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့

နေအိမ်ငါးလုံး ပြိုကျကာ နေအိမ် ၁၄၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း မေ ၁၂ ရက်တွင် မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

မေ ၁၁ ရက် ညပိုင်းကတိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် မြင်းမူမြို့ မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက် သစ်ပင်များကျိုးကျခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ကာ ပြိုလဲခြင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၁၈ ခုရှိ နေအိမ်များပြိုကျခြင်း၊ အမိုးလှန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ အမှတ် ၄ ရပ်ကွက်ရှိ သိမ်တော်ကြီးဘုရား အရံစေတီ ငှက်ပျောဖူး ပြုတ်ကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနေ့ညနေ ၆ နာရီ တိုက်တဲ့ လေပြင်းဒဏ်ကြောင့် မြင်းမူမြို့ပေါ်နဲ့ ရွာတွေကအိမ်တွေ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ပါတယ်။ လူထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကောက်ကာ တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး အထောက်အပံ့ရဖို့ ဆောင်ရွက်နေပါတယ်” ဟု မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောကြားသည်။

မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက် သစ်ပင်ပြိုလဲခြင်းများအား မြတ်သုခအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ညတွင်းချင်းရှင်းလင်းခဲ့ခြင်း လူနေအိမ်များပေါ် သစ်ပင်ပြိုလဲမှုများအား မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းများက ကူညီဖယ်ရှား ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent