<

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ (TNLA) က မူဆယ်မြို့ကို ၀င်ရောက် ပစ်ခတ်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီ အရပ်သား ၁၅ ဦး အပါအ၀င် ၁၉ ဦး သေဆုံး

Photo: မူဆယ်ဂရုဏာ လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့ကို မေလ ၁၂ ရက် နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု မှ (TNLA) က ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး၊ ပြည်သူ့စစ် ၃ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး အပါအ၀င် စုစုပေါင်း ၁၉ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ Facebook ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ် ခန့်တွင် အင်အား ၁၀၀ ခန့် ရှိသော TNLA အဖွဲ့ သည် ပန်ခမ်းတံတား လုံခြုံရေး ရဲကင်းကို အလစ်အငိုက်ယူ တိုက်ခိုက်ခဲ့ကြောင်းနှင့် (ကနဦးတင်ပြချက်အရ TNLA ဖြစ်သော်လည်း မြေပြင်သတင်းများအရ KIA လည်းပါသည်ဟု ဆိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ Facebook ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။ ထို့နောက် ရဲကင်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၃+၁၅ ဦးနှင့် ပန်ဆေးပြည်သူ့စစ် ၄ ဦး၊ မြို့မပြည်သူ့စစ် ၁၀ ဦးတို့က ပြန်လည် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ပန်ခမ်းတံတားတစ်ဖက် မြို့မပြည်သူ့စစ် လုံခြုံရေးယူထားသော ဘန်ကာကို TNLA တို့ ရယူသွားသောကြောင့် ပြည်သူ့စစ် ၅ ဦးသည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြန်လည် ခုခံခဲ့ကြောင်း ဦးဇော်ဌေးက ရေးသားခဲ့သည်။

ထို တိုက်ခိုက်မှုတွင် ဒုရဲအုပ် ဇော်ရဲနိုင် ကျဆုံးခဲ့ရပြီး၊ ရဲတပ်ကြပ်ကြီး ချမ်းမြေ့၊ ရဲတပ်သား ကျော်စွာမင်း၊ ရဲတပ်သား စိုင်းညီငယ်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ထို့ပြင် ဦးဇော်လင်း၊ ဦးနိုင်၊ ဦးသက်နိုင်ဦး၊ ဝမ်ခမ်မို၊ ဦးစိုင်းလူမောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

၈ နာရီ ၁၀ မိနစ်ခန့်တွင် TNLA အဖွဲ့သည် ယာဉ်ရပ်နားကွင်းရှိ မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးပြီး တံတားတောင်ဘက် တောင်ကြောပေါ် ဆုတ်ခွာသွားခဲ့ကြောင်းနှင့် တပ်မတော်က လိုက်လံ ရှင်းလင်း ချေမှုန်းလျက် ရှိကြောင်း ဦးဇော်ဌေး၏ ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

TNLA ရဲ့ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုကြောင့်
– ရဲအရာရှိ ၁ ဦး ကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိ၊
– ပြည်သူ့စစ် ၃ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရရှိ၊
– အပြစ်မဲ့ပြည်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့၊
– အပြစ်မဲ့ပြည်သူ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း (ကနဦး သတင်းများအရ) အတည် ပြုထားသည်။

“တောထဲမှာ အထိနာလို့ မြို့ပေါ်တက်ပြီး အသေးစား စစ်ဆင်မှု လုပ်ရပါတယ် ဆိုတဲ့ TNLA ရဲ့ အကြောင်းပြချက်ဟာ အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုနဲ့ ယှဉ်ရင် အဓိပ္ပါယ် မရှိပါဘူး။ လက်ခံနိုင်စရာ မရှိတဲ့ အကြောင်းပြချက်ပါ။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု မဟုတ်ပါ။ အဖျက် အမှောင့် အကြမ်းဖက် လုပ်ရပ်သာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ရေးသားခဲ့သည်။

May 12, 2018














Copy Protected by Chetan's WP-Copyprotect.