ဟိုပုံးမြို့မှ လေးမိုင်ခန့်အကွာတွင် အောင်သပြေ ခရီးသည်တင်ယာဉ်ကို SURF ကားတစ်စီးဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

ဟိုပုံးမြို့မှ လေးမိုင်ခန့်အကွာတွင် အောင်သပြေ ခရီးသည်တင်ယာဉ်ကို SURF ကားတစ်စီးဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား
Published 12 May 2018

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အကျော် လေမိုင်ခန့်အကွာ ဟဲလုံ ဘုန်းကြီးကျောင်းအနီးတွင် တောင်ကြီး-လွိုင်ကော်ပြေးဆွဲနေသော အောင်သပြေ ခရီးသည်တင်ယာဉ်ကို SURF ကားတစ်စီးဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လွိုင်ကော်မှ တောင်ကြီးသို့ မောင်းနှင်လာသော အောင်သပြေ ခရီးသည်တင် မော်တော်ယာဉ်သည် ဟိုပုံးမြို့အကျော် ဘုန်းတော်ကြီးကျောင်း အနီးတွင် ဘုန်းတော်ကြီး နှစ်ပါး ဆိုင်ကယ်လဲနေသည်ကို မြင်တွေ့ရကြောင်း၊ ယင်းနောက် မကြာမီ အနောက် ဘက်မှ SURF ကား အစိမ်းရောင်လိုက်လာပြီး သေနတ်ဖြင့် လေးချက်ပစ်ခတ်သဖြင့်  ကားရပ်ပေးလိုက်ရာ ကားသမားကို ခေါ်ဆောင်ပြီးနောက် မိုးပေါ်သို့ နှစ်ချက်ထောင်ပစ်ခဲ့ကြောင်း၊ ကားပေါ်ပါလာသော ခရီးသည်များ ဝိုင်းပြောမှ ကားသမားကို  ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

“အဲဒီ SURF အစိမ်းရောင်နဲ့ ကားက အနောက်ကနေ လိုက်လာပြီးတော့ ဘုန်း ကြီးနှစ်ပါးက ဟဲလုံရွာမှာ ဆိုင်ကယ်မှောက်နေတယ်။ သေနတ်ထောင်ဖောက်တာ လေးချက်ပေါ့။ ကားရပ်ပေးလိုက်တော့ နှစ်ချက် ထပ်ပစ်တယ်။ ကားသမားကို ဆွဲချပြီး သေနတ်နဲ့ချိန်တယ်။ ကားပေါ်မှာ ပါလာတဲ့ခရီးသည်တွေကလည်း ဝိုင်းပြောတယ်။ ကိုယ့် ကားနဲ့ တိုက်တာ မဟုတ်ဘူး။ ကားနဲ့တိုက်တဲ့ ပုံစံမျိုး လာလုပ်တယ်။ ကားက ခရီးသည်တင် ကားလေ။ ဘယ်အဖွဲ့ကလည်း မသိရဘူး။ ဘာမှတော့ မဖြစ်ဘူး။ ထောင်ပစ်ပြီး လိုက်လာတာ။ အခုတော့ စအဖတို့၊ ရဲမှူးတို့ လိုက်နေပြီ။ အရင်တုန်းကတော့ မဖြစ်ဖူးဘူး။ ခုမှ တစ်ခါပဲ ကြုံဖူးတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အနေအထားနဲ့ဆိုရင် တရားဝင် လက်နက်ကိုင်တယ်ဆိုတာ တပ်မတော် နဲ့ နားလည်မှုရှိတဲ့ အဖွဲ့အစည်းပဲ ဖြစ်မှာပေါ့။ ဒီလို လုပ်ရဲတယ် ဆိုတာလေ။ အဖွဲ့အစည်း တံဆိပ်လည်း မပါဘူးလေ” ဟု အောင်သပြေ ကားဂိတ်တာဝန်ခံ ကိုဖုန်းနိုင်က ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

Most Read

Most Recent