ထားဝယ်မြို့တွင် နှစ် ၁၅၀ ကျော်သက်တမ်းရှိ ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှု ဖြစ်ပွား

ထားဝယ်မြို့တွင် နှစ် ၁၅၀ ကျော်သက်တမ်းရှိ ရှေးဟောင်းမြေတိုက်ကျောင်း မီးလောင်မှု ဖြစ်ပွား
Published 12 May 2018

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့ ကညုံ ရပ်ကွက်ရှိ မြေတိုက်ကျောင်းဝင်းအတွင်းမှ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းကျောင်းဆောင်တစ်ခုမှ မေလ ၁၁ ရက်နေ့ည ၁၂ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့်ကျောင်းဆောင်ပေါ်၌ ရှေးဟောင်း ပေစာများနှင့် ရှေးဟောင်းပစ္စည်းများ ထားရှိထားကြောင်း၊ မီး စတင်လောင်ကျွမ်းချိန်တွင် ကျောင်းတိုက်ပေါ်၌ ဘုန်းတော်ကြီး တစ်ပါးတည်း ရှိနေချိန်ဖြစ်ပြီး ယင်းဆရာတော်အား အနီးဝန်းကျင်မှဒေသခံများက ကျောင်းတိုက်အတွင်းမှ ကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။

မီးလောင်ကျွမ်းမှှုမှာ မေလ ၁၂ ရက်နေ့ ယနေ့ နံနက် ၂ နာရီခွဲအချိန်တွင်မီးညွှန့်ကျိုးသွားခဲ့ပြီးနောက် နံနက် ၃ နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် အများအပြားဖြင့် ငြိမ်းသတ်ခဲ့ရပြီး မြို့ပေါ်ရှိရေသယ်ယာဉ်များနှင့် ပရဟိတအဖွဲ့များ ဒေသခံများက ဝိုင်းဝန်း ကူညီပေးခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် မြေတိုက်ကျောင်းဆောင်ကြီးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှှုကြောင့် ရှေးဟောင်းပစ္စည်းများနှင့် ပုရပိုက်များ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင်မီးလောင်ကျွမ်းမှှုအပေါ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မီးလောင်ကျွမ်းသည့်နေရာကို ဝင်ထွက်မှှုမရှိစေရန် ပိတ်သိမ်းထားခဲ့ကြောင်း၊ မီးလောင်ကျွမ်းရာသို့လာရောက်ကူညီခဲ့သည့် ဒေသခံအချို့ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသည်မှအပ ကြီးကြီးမားမား ထိခိုက်ခဲ့ခြင်း မရှိဟု ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။

Most Read

Most Recent