လူမှုကွန်ရက်၌ မုန်တိုင်းနှင့်ပတ်သက်၍ ဖော်ပြထားသည့် ကောလာဟလ သတင်းများကို မယုံကြည်ကြရန်နှင့် မေလတတိယပတ်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း မိုး/ဇလ ထုတ်ပြန်

လူမှုကွန်ရက်၌ မုန်တိုင်းနှင့်ပတ်သက်၍ ဖော်ပြထားသည့် ကောလာဟလ သတင်းများကို မယုံကြည်ကြရန်နှင့် မေလတတိယပတ်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း မိုး/ဇလ ထုတ်ပြန်
Published 12 May 2018

လူမှုကွန်ရက်တွင် မုန်တိုင်းနှင့်ပတ်သက်၍ ဖော်ပြထားသည့် ကောလာဟလ သတင်းများကို မယုံကြည်ကြရန်နှင့် မေလတတိယပတ်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၁၁ ရက်က ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အခြေအနေနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး တင်ပြချက်များတွင် European Center for Mediumrange Weather Forecast (ECMWF) ၏ ၁၁-၅-၂၀၁၈ ရက်ကို အခြေခံထားသည့် သင်္ချာပုံစံ ခန့်မှန်းချက်များအရ ၁၂-၅-၂၀၁၈ ရက်မှ ၂၀-၅-၂၀၁၈ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း တွေ့ရှိသည်ဟု ဖော်ပြထားသည်။

အလားတူ Global Forecast System (GFS) ၏ ၁၁-၅-၂၀၁၈ ရက်ကို အခြေခံထားသည့် သင်္ချာပုံစံ ခန့်မှန်းချက်များအရ ၁၂-၅- ၂၀၁၈ ရက်မှ ၂၅-၅-၂၀၁၈ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေ မရှိကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ၂၆-၅-၂၀၁၈ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေပွေလှိုင်းမှာ အားကောင်းလာပါက လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ပြောင်းလဲလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေထုဖြစ်စဉ်များမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခန့်မှန်းချက်များမှာ ပြောင်းလဲမှု ရှိနိုင်သကဲ့သို့ မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်မည်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေရှိပါက ကြိုတင်အသိပေး တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၁၀ ရက်တွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ဖြစ်ပေါ်ခဲ့သည့် မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ဖြစ်စဉ်များသည် မုတ်သုံအဝင် ကာလများတွင် ဖြစ်ပေါ်သည့် မိုးလေဝသ ဖြစ်စဉ်များဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မုတ်သုံအဝင် ကာလများတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည်။

ယခုအခါ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook တွင် မေ ၂၀ ရက်နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံ ဒေသများပေါ်သို့ ဖြတ်ကျော်ဝင်ရောက်သည့်ပုံများ လွှင့်တင်ထားကြောင်း တွေ့ရှိရသော်လည်း ဖြစ်ပေါ်သည့် ခုနှစ်ပါရှိခြင်း မရှိပါ။ အမှန်မှာ အဆိုပါ Roanu မုန်တိုင်းသည် ၂၀၁၆ ခုနှစ် မေလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်းသာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိဘပြည်သူများ အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ ယခုဖြစ်ပေါ်နေသော ကောလာဟလ သတင်းများအား မယုံကြည်ကြရန်နှင့် ထူးခြားမိုးလေဝသဖြစ်စဉ်များ၊ မုန်တိုင်းအခြေအနေများနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နှင့် တစ်ပြေးညီ တရားဝင် ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များကိုသာ စိတ်ချယုံကြည်ရန်နှင့် တိကျသေချာသော သတင်းအချက်အလက်များကို အသေးစိတ်ထပ်မံ သိရှိရယူလိုပါက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မိုးလေဝသဌာနခွဲ၊ နေပြည်တော် (ဖုန်းနံပါတ် - ၀၆၇-၄၁၁၂၅၀၊ ၀၆၇-၄၁၁၅၂၆၊ ၀၆၇-၄၁၁၅၂၇) တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

Most Read

Most Recent