တင်ဒါစည်းမျဉ်းအရ စီမံကိန်းများအတွက် တစ်လကြိုတင် တင်ဒါခေါ်ယူရမည် ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ငွေလုံးငွေရင်းသုံး တည်ဆောက်မည့် အဆောက်အအုံ ၇၂ လုံးအတွက် အိတ်ဖွင့်တင်ဒါကို သုံးရက်ဖြင့် ခေါ်ယူခဲ့မှုမှာ မှားယွင်းခြင်းသာဖြစ်ပြီး ပြန်လည်ပြင်ဆင် တင်ဒါခေါ်ယူမည်ဟုဆို

တင်ဒါစည်းမျဉ်းအရ စီမံကိန်းများအတွက် တစ်လကြိုတင် တင်ဒါခေါ်ယူရမည် ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ငွေလုံးငွေရင်းသုံး တည်ဆောက်မည့် အဆောက်အအုံ ၇၂ လုံးအတွက် အိတ်ဖွင့်တင်ဒါကို သုံးရက်ဖြင့် ခေါ်ယူခဲ့မှုမှာ မှားယွင်းခြင်းသာဖြစ်ပြီး ပြန်လည်ပြင်ဆင် တင်ဒါခေါ်ယူမည်ဟုဆို
Published 12 May 2018

တင်ဒါစည်းမျဉ်းအရ လုပ်ဆောင်မည့် စီမံကိန်းများအတွက် တစ်လကြိုတင် တင်ဒါခေါ်ယူရမည် ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ငွေလုံးငွေရင်းသုံး တည်ဆောက်မည့် အဆောက်အအုံ ၇၂ လုံးအတွက် အိတ်ဖွင့်တင်ဒါကို အဆောက်အအုံ ဦးစီးဌာနက သုံးရက်ဖြင့် ခေါ်ယူခဲ့ပြီး အဆိုပါ ခေါ်ယူခဲ့မှုမှာ မှားယွင်းမှုသာဖြစ်ကာ ပြန်လည်ပြင်ဆင် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က မေ ၁၁ ရက်တွင် ပြောကြားသည်။

“မှားသွားတာပါ။ မနေ့ကတည်းက ကြေးမုံမှာ ကျွန်တော်တွေ့တယ်။ တွေ့တော့ ချင်းကို လှမ်းဆက်လိုက်တယ်။ လှမ်းဆက်လိုက်တော့ သူတို့ပြန်ပြင်ပါလိမ့်မယ်။ ပြန်ပြီး ကြေညာပါလိမ့်မယ်။ သူတို့စိတ်လည်း လောသွားတာ ပါမှာပေါ့။ စိတ်လောသွားတယ်ဆိုတာ အခုကျွန်တော်တို့က ခြောက်လဘတ်ဂျက်။ လုပ်ငန်းတွေကလည်း အသစ်မဟုတ်ဘူး။ လုပ်ငန်းအသစ် မဟုတ်ဘူးဆိုတာ စီမံကိန်းတန်ဖိုး အပြည့်မဟုတ်ဘူး။ ဆိုလိုတာက မနှစ်ကတည်းက လုပ်ခဲ့ပြီး ဒီနှစ်မှာ အပြီးသတ်ရမယ့် ဟာမျိုးလေးတွေ။ အဲဒီလိုဟာမျိုးလေးတွေ ဆိုတော့ တချို့အတွေ့အကြုံရှိတဲ့ တိုင်းကြီးတွေ ကျတော့လည်း မနှစ်ကတည်းက စီမံကိန်းတန်ဖိုး  နှစ်နှစ်စာ ခေါ်လိုက်တာပေါ့။ ဒီနှစ်ကျ ဆက်ပြီး လုပ်ကြတာပေါ့။ သူတို့ကတော့ မနှစ်ကကျတဲ့ ရန်ပုံငွေတန်ဖိုးနဲ့ပဲ ခေါ်မိလိုက်တယ်တဲ့။ သူတို့ပြည်နယ်ဝန်ကြီးနဲ့ အစိုးရနဲ့ တိုင်ပင်ပြီးတော့။ ဒီလိုခေါ်လိုက်တော့ အဆောက်အအုံက Finishing ကျန်ပြီး ဒီနှစ်ထပ်ခေါ်ရတာပေါ့။ ထပ်ခေါ်တဲ့အခါမှာ Performance ကောင်းရင်ပေးမယ်။ မကောင်းရင် မပေးဘူးပေါ့။ အဓိက Performance ကောင်းတဲ့သူဆိုရင် အမှတ်ပိုရမှာပေါ့။ ပုံမှန်ကတော့ တစ်လပေါ့။ အခုတော့ နှစ်ပတ်လောက်တော့ ပြန်ပေးမှာပေါ့။ လုပ်ငန်းအသစ်တွေတော့ မဟုတ်ဘူး” ဟု ဦးသိန်းဇော်က ပြောကြားသည်။

ချင်းပြည်နယ်အတွင်း ငွေလုံးငွေရင်းသုံးပြီး တည်ဆောက်သွားမည့် စီမံကိန်း ၇၂ ခုအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အအုံ ဦးစီးဌာန၏ ချင်းပြည်နယ်၊ ဟားခါးမြို့မှ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ တင်ဒါခေါ်ယူရာတွင် တင်ဒါစတင် ရောင်းချမည့်ရက်ကို မေ ၁၄ ရက်၊ တင်ဒါပိတ်မည့်ရက်ကို မေ ၁၇ ရက်နှင့် တင်ဒါဖွင့်မည့်ရက်ကို မေ ၁၈ ရက် နံနက် ၉ နာရီခွဲအဖြစ် ကြေညာမှုကြောင့် သုံးရက်အတွင်း ခေါ်ယူခဲ့သည့် အဆိုပါ တင်ဒါအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် အခြားဝန်ကြီးဌာနများမှ လုပ်ဆောင်မည့် စီမံကိန်းများကို ဝင်ရောက် လုပ်ဆောင်နေမှုအပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် လက်ရှိတည်ဆောက်မည့် အဆောက်အအုံ စီမံကိန်း ၇၂ ခုမှာ အခြေခံပညာ ဦးစီးဌာနမှ ၅၁ ခု၊ ကုသရေးဦးစီးဌာနမှ ငါးခုနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ၁၆ ခုအတွက် တင်ဒါခေါ်ယူ ခဲ့ခြင်းဖြစ်သည်။

“အဲဒါကို ပြန်ရှင်းတယ်။ ခြောက်လအတွင်း ပြီးချင်ဇောနဲ့ လုပ်တဲ့အခါကျတော့ အဲဒါ မကောင်းဘူး ဆိုပြီးတော့ ပြန်ခေါ်တယ်။ နှစ်ပတ်အတွင်းဆိုပြီး လုပ်ထုံးလုပ်နည်းအရ ပြန်ခေါ်တယ်။ ရက်ကို ပြန်ပြင်ထားပါတယ်။ နိုင်ငံပိုင် သတင်းစာထဲမှာ မနက်ဖြန် ပါပါလိမ့်မယ်။ လုပ်ထုံးလုပ်နည်းအရ နှစ်ပတ်ဆိုပြီး ပြန်ပြင်ထားပါတယ်။ မနက်ဖြန် မဟုတ်ရင် သန်ဘက်ခါမှာ ပြန်ပါပါလိမ့်မယ်။ ပြင်ထားတာက နှစ်ပတ်အတွင်းပေါ့။ ပထမခေါ်တဲ့ဟာနဲ့ နှစ်ပတ်။ အတိအကျတော့ မသိဘူး။ လုပ်ထုံးလုပ်နည်း အရ မဟုတ်လို့ဆိုပြီး ပြန်ပြင်ထားပါတယ်” ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်တွင် ကျပ်ငါးသန်းအောက် အသေးစား ပြင်ဆင်မှုများကို တင်ဒါမခေါ်ဘဲ ဌာနအတွင်း ဘုတ်အဖွဲ့နှင့် လုပ်ဆောင်ရန်နှင့် ကျပ်သန်း ၅၀ အထက်ဆိုပါက တစ်လကြိုတင်ပြီး သိသာထင်ရှားစွာ၊ ရှင်းလင်းစွာ တင်ဒါခေါ်ယူရန် သတ်မှတ်ထားသည်။ ထိုသို့သတ်မှတ်ထားသော်လည်း တင်ဒါခေါ်ယူမှုများတွင် ရက်ပိုင်းအတွင်း တင်ဒါခေါ်ယူမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလောတွင်လည်း သူနာပြု သားဖွားသင်တန်းကျောင်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကွန်ပျူတာများဝယ်ယူရန် တင်ဒါခေါ်ယူရာတွင် တင်ဒါလျှောက်လွှာ စတင်ရောင်းချသည့်ရက်မှာ မတ် ၁၂ ရက်ဖြစ်ပြီး တင်ဒါပိတ်မည့်ရက်မှာ မတ် ၂၁ ရက်ဖြစ်သဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိခဲ့ပြီး အဓိကအားဖြင့် ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု ရှိနေသလားဆိုသည့် မေးခွန်းများ ပျံ့နှံ့ခဲ့သည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားချက်အရ ဝန်ကြီးဌာနက ဝယ်ယူမည့် ကွန်ပျူတာမှာ Core i7 ကွန်ပျူတာကို Dell အမျိုးအစား ၂၂ လက်မ မော်နီတာဖြင့် အသုံးပြုမည်ဖြစ်ကြောင်း၊ မတ် ၂၁ ရက်တွင် တင်ဒါပိတ်နေ့၊ မတ် ၂၂ ရက်တွင် တင်ဒါကြေညာမည့်နေ့၊ မတ် ၂၃ ရက်တွင် ဝန်ကြီးဌာနရုံးသို့ တင်မည့်နေ့၊ မတ် ၂၆ ရက်တွင် စာချုပ်ချုပ်မည့်နေ့၊ မတ် ၂၈ ရက်တွင် ပစ္စည်းအပ်နှံမည့်နေ့၊ မတ် ၃၁ ရက်တွင် ပစ္စည်းဖိုး ငွေချေမည့် နေ့များဖြစ်ပြီး စာချုပ်ချုပ်ပြီး နှစ်ရက်အတွင်း ကွန်ပျူတာအမြင့် အလုံး ၂၅၀ အပ်ခိုင်းခြင်းကို ဝေဖန်ပြောဆိုမှုများကြောင့် အကြောင်း မညီညွတ်သည့်အတွက် ဖျက်သိမ်းကြောင်း မတ် ၁၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

“သမ္မတကြီး ဦးဝင်းမြင့်က ပြောထားတယ်။ တင်ဒါတွေနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်ရင် အရေးယူမယ်တဲ့။ အခုတင်ဒါ ကြည့်ပါ ၁၄ ရက်နေ့ခေါ်တယ်။ ၁၇ ရက်နေ့ ပိတ်မယ်တဲ့။ သုံးရက်နဲ့အပြီး ဘယ်လိုတွက်ချက်ပြီး တင်ကြမှာလဲ။ လက်ဝါးရိုက်ဟန်ပြ တင်ဒါခေါ်ဆိုမှုတွေ မရှိသင့်တော့ပါဘူး။ ထိရောက်စွာ အရေးယူပေးပါ” ဟု ဝေဖန်ရေး ဆောင်းပါးရှင် ကျော်ကြီး (MDY) က ပြောကြားသည်။

 

Most Read

Most Recent