Cyber Law ရေးဆွဲနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိရန် လျာထား

Cyber Law ရေးဆွဲနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိရန် လျာထား
Published 12 May 2018

Cyber Legal and Policy Framework (Cyber Law) ကို ရေးဆွဲသွားနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိစေရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

eGovernment လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ် အနေဖြင့် ဥပဒေမူဘောင် ချမှတ်သွားရမည်ဖြစ်ကြောင်း၊ ဒုတိယလုပ်ငန်းစဉ်မှာ အိုင်စီတီ အခြေခံ အဆောက်အအုံပိုင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်မှာ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို လွှမ်းခြုံပြီး ဖြစ်သည့်အတွက် အဆိုပါ အခြေအနေကောင်းများကို အသုံးချသွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တယ်လီနော ဒီဂျစ်တယ်မြန်မာ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ အွန်လိုင်းရာဇဝတ်မှုဆိုင်ရာ ဥပဒေ မရှိခြင်းကြောင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှု ၁၀ ခုရှိကြောင်း သိရသည်။

ယင်းတို့မှာ ဒီဂျစ်တယ်စီးပွားရေးနှင့် ဆက်စပ်သည့် အမှုအခင်းများနှင့် ပတ်သက်သော အစိုးရအမှုထမ်းများ၊ ဥပဒေပြု အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများ အကြား၌ နားလည်မှု နည်းပါးစေခြင်း၊ ဂေဟစနစ်တွင် အားနည်းသည့် လုံခြုံရေးကြောင့် နိုင်ငံတကာမှ ဆိုက်ဘာပြစ်မှု ကျူးလွန်သူများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာရန် ဆွဲဆောင်သကဲ့သို့ ဖြစ်နိုင်ခြင်း၊ အရေးကြီးသော အစိုးရနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းစနစ်များကို နိုင်ငံခြားမှ ဟက်ကာများ နှောင့်ယှက်လာနိုင်ခြင်း၊ အကာအကွယ်ပေးခြင်း မရှိသောကြောင့် နည်းပညာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးဖြစ်နိုင်ခြင်း၊ ဒီဂျစ်တယ် ဝန်ဆောင်မှုများအပေါ် ယုံကြည်မှု မရှိသောကြောင့် ငွေရေး ကြေးရေး လက်လှမ်းမီမှုနှင့် ဒီဂျစ်တယ် လွှမ်းခြုံမှု နည်းပါးစေခြင်း စသည်ဖြင့် ဖော်ပြထားသည်။

နံပါတ်ခြောက်အနေဖြင့် မူးယစ်ဆေးဝါး ကုန်ကူးခြင်း ကဲ့သို့သော တရားမဝင် eCommerce ဝက်ဘ်ဆိုက်များ မြန်မာနိုင်ငံတွင် ထူထောင်လာနိုင်ခြင်း၊ ထိခိုက်လွယ်သော နိုင်ငံသားများ (ဥပမာ-ကလေးလူငယ်များ) အား ညစ်ညမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်လွှင့်တင်ခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အွန်လိုင်းခြေရာခံ လိုက်ခြင်းတို့ဖြင့် လူမှုရေးကဏ္ဍတွင် မတရား အမြတ်ထုတ်နိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်နှင့် အွန်လိုင်းပေါ်မှ ပြစ်မှုချိုးဖောက်ခြင်းအကြား မသဲကွဲခြင်း၊ အမုန်းပွားသည့် စကားများ၊ အတုအလိမ် သတင်းများကို ရည်ရွယ်ချက်ရှိရှိနှင့် ဖြန့်ဝေခြင်းကြောင့် တည်ငြိမ်မှုပျက်ပြားကာ ဆူပူမှု ဖြစ်ပွားနိုင်ခြင်း၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများ၏ အိုင်စီတီ လုံခြုံရေးအတွက် စရိတ်ပိုမို ကုန်ကျခြင်း စသည်တို့မှာ ဆိုက်ဘာဥပဒေ မရှိခြင်းကြောင့် ရင်ဆိုင်ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent