လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖောက်လုပ်လျက်ရှိသည့် ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် တားမြစ်

လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖောက်လုပ်လျက်ရှိသည့် ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် တားမြစ်
Published 12 May 2018

ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို မြင်တွေ့ရစဉ်

သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ဖောက်လုပ်လျက်ရှိသည့် ဇွဲကပင်တောင်တက်ကားလမ်း ဖောက်နေမှု လုပ်ငန်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မေ ၂  ရက်က တားမြစ်ထားကြောင်း သိရသည်။

“တောင်တက်ကားလမ်း ဖောက်လုပ်နေမှုကို ဇွဲကပင်တောင် ဆရာတော်လည်း သဘောမကျဘူး။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတဲ့အတွက် ဝန်ကြီးချုပ်က တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဇွဲကပင်တောင် အရှေ့ဘက် ခလောက်နို့အခြမ်းဘက်မှာ အဖွဲ့အစည်းတစ်ခုက ဘယ်သူ့ခွင့်ပြုချက်မှ မယူဘဲ တောင်တက်လမ်းကို ဖောက်လုပ်နေတာဖြစ်တယ်။ တောင်တက်ကားလမ်းက လေးပုံသုံးပုံလောက် ပြီးစီးနေတာ တွေ့ရတယ်” ဟု မေ ၁၀ ရက်ကပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်သာသနာရေး ဦးစီးဌာန၏ တင်ပြပြောကြားချက်အရ သိရသည်။

ကရင်ပြည်နယ် ကျက်သရေဆောင် ဇွဲကပင်တောင်သည် ယခုနှစ်ပိုင်းအတွင်း ကေဘယ်လ်ကား စီမံကိန်းကြောင့် ပြည်တွင်းခရီးသည်များ စိတ်ဝင်စားမှု ပိုမိုမြင့်မားလျက်ရှိပြီး ပြည်ပနိုင်ငံခြား ခရီးသွား ဧည့်သည်များလည်း ယခင်နှစ်များထက် လာရောက်မှု ပိုမိုများပြားလာကြောင်း သိရသည်။

ဇွဲကပင်တောင်တက်ကားလမ်း ဖောက်လုပ်မှုနှင့် ပတ်သက်၍ ဇွဲကပင်အနောက်ခြမ်း တော်ပုံကျေးရွာမှ ဒေသခံတစ်ဦးကလည်း “သူတို့ကားလမ်းဖောက်တဲ့ ကိစ္စကိုဖထီးတို့လည်း မတားဝံ့ပါဘူး။ သစ်ပင်တွေ ခုတ်လှဲပြီး ကားလမ်းဖောက်တာဆိုတော့ ဖထီးတို့က နှမြောတာပေါ့။ တောင်ခြေမှာလည်း ကျောက်မိုင်း ခွဲတာတွေရှိတယ်။ ကျောက်သားတွေ မိုင်းခွဲတာလည်း ဖထီးတို့ နှမြောတာပေါ့။ သက်ဆိုင်ရာက ကျောက်မိုင်းလုပ်ငန်းကို တားမြစ်ထားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ကျောက်မိုင်းလုပ်ငန်းက အခုထက်ထိ လုပ်ကိုင်နေတုန်းပဲ” ဟု ပြောကြားသည်။

ဇွဲကပင်တောင်ပေါ်သို့ ကားလမ်းဖောက်လုပ်မှု လုပ်ငန်းကို နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးသိန်းဇော်မင်း ဦးစီးတပ်ဖွဲ့က၂၀၁၇ ခုနှစ်အတွင်း စတင်လုပ်ဆောင်လျက်ရှိရာ ကားလမ်းဖောက်လုပ်မှု လေးပုံ သုံးပုံခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent