လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ကလေး ၆၀၀,၀၀၀ ခန့် သေဆုံးနေရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ကလေး ၆၀၀,၀၀၀ ခန့် သေဆုံးနေရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်
အောက်တိုဘာ ၃၀ ရက်တွင် နယူးဒေလီ၌ မီးခိုးမြူဖုံးလွှမ်းနေစဉ် သွားလာနေကြသူများကို တွေ့ရစဉ် (Photo – AFP)
အောက်တိုဘာ ၃၀ ရက်တွင် နယူးဒေလီ၌ မီးခိုးမြူဖုံးလွှမ်းနေစဉ် သွားလာနေကြသူများကို တွေ့ရစဉ် (Photo – AFP)
Published 30 October 2018

နေအိမ်တွင်းနှင့် ပြင်ပတွင် အဆိပ်သင့်သော လေထုနှင့် ထိတွေ့မှုကြောင့်နှစ်စဉ် အသက် ၁၅ နှစ်အောက် ကလေး ၆၀၀,၀၀၀ ခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက်ငါးနှစ်အောက် ကလေးသန်း ၆၃၀ ပါဝင်သော လူငယ် ၁.၈ ဘီလျံတွင် အသက် ၁၅ နှစ်အောက် ကလေး ၉၃ ရာခိုင်နှုန်းသည် နေ့စဉ်နေ့တိုင်း အန္တရာယ်ရှိသော ညစ်ညမ်းသည့်လေကို ရှူရှိုက်နေရကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

ယင်းအတွက်ကြောင့် ၂၀၁၆ ခုနှစ် တစ်နှစ်တည်းတွင် ညစ်ညမ်းသောလေကြောင့် အလွန်အမင်းဆိုးရွားသော အသက်ရှူလမ်းကြောင်း ပိုးဝင်မှုရောဂါကြောင့် ကလေး ၆၀၀,၀၀၀ ခန့် သေဆုံးခဲ့ရကြောင်း WHO ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ကမ္ဘာတွင် လူ ၁၀ ဦးလျှင် ကိုးဦးကျော်သည် အန္တရာယ်များသော အဆိပ်သင့်လေကို ရှူရှိုက်နေရပြီး နှစ်စဉ်လူခုနစ်သန်းခန့်ကို အချိန်မတိုင်မီ သေဆုံးစေခဲ့ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ကလေးများအတွက် အန္တရာယ်မြင့်မားသော လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် အသက်ငါးနှစ်အောက်ကလေးများ သေဆုံးသူ ၁၀ ဦးတွင် တစ်ဦးနီးပါး ပါဝင်ပတ်သက်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

နေအိမ်အတွင်းနှင့် ပြင်ပတွင် ကျန်းမာရေးထိခိုက်စေသည်အထိ အန္တရာယ်များသော လေထုညစ်ညမ်းမှုအား ထိတွေ့နေရသည့် ကလေးများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးသည့် WHO ၏ ထိုလေ့လာမှု က ၂.၅ မိုက်ခရိုမီတာထက် သေးငယ်သော PM 2 . 5  ဟုခေါ်သည့် အန္တရာယ်ရှိသော အမှုန်များကို အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများမှ ကလေးများသည် လေထုညစ်ညမ်းမှုအန္တရာယ်ကို ပိုမိုကြုံတွေ့နေရပြီး ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေရနိုင်ငံများမှ အသက်ငါးနှစ်အောက် ကလေးအားလုံး၏ ၉၈ ရာခိုင်နှုန်းနီးပါးသည် PM 2 . 5 ကို WHO က သတ်မှတ်ထားသည့် ကျန်းမာရေးနှင့်ညီညွတ်သော အဆင့်ထက် ကျော်လွန်၍ ထိတွေ့ခဲ့ကြကြောင်း သိရသည်။ ဝင်ငွေမြင့်နိုင်ငံများတွင်မူ ကလေးများသည် ၅၂ ရာခိုင်နှုန်းကသာ အန္တရာယ်ရှိ လေထုညစ်ညမ်းမှုကို ကြုံတွေ့ခဲ့ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

လေထုညစ်ညမ်းမှုကို ကြုံတွေ့ခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အချိန်မတိုင်မီ ကလေးမွေးမှုနှင့် သေးငယ်ပြီး ကိုယ်အလေးချိန်နည်းပါးသော ကလေးများကို မွေးဖွားနိုင်မှု အလားအလာပိုများနိုင်ကြောင်း WHP ၏ လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ညီလာခံမတိုင်မီ ထုတ်ပြန်သော ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ကလေးများသည် လူကြီးများထက် ပိုမိုလျင်မြန်စွာ အသက်ရှူကြမှုကြောင့် လေထုညစ်ညမ်းမှု၏ သက်ရောက်မှုတွင် အမြဲလိုလို ပိုမိုထိတွေ့ခံစားနေရကြောင်း WHO က ဆိုသည်။      Ref ; AFP

Most Read

Most Recent