ယာဉ်မတော်တဆမှု လျော့နည်းစေရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ဧရိယာပြင်ပမြို့နယ်များအတွင်း သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းနှင်သည့်ယာဉ်များကို Speedo Meter ဖြင့်တိုင်းပြီး အရေးယူမည်

ယာဉ်မတော်တဆမှု လျော့နည်းစေရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ဧရိယာပြင်ပမြို့နယ်များအတွင်း သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းနှင်သည့်ယာဉ်များကို Speedo Meter ဖြင့်တိုင်းပြီး အရေးယူမည်
Published 12 May 2018

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့ Facebook)

ယာဉ်မတော်တဆမှုများ လျော့နည်းစေရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ဧရိယာပြင်ပမြို့နယ်များအတွင်း သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သည့်ယာဉ်များကို Speedo Meter ဖြင့် တိုင်းပြီး အရေးယူမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က မေ ၁၁ ရက်တွင် စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ (၄၈ ကီလိုမီတာ) ဖြစ်သော်လည်း မြို့တွင်း၌ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များ မရှိသလောက်နည်းပါးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ဧရိယာပြင်ပမြို့နယ်များဖြစ်သော သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်များတွင် ယာဉ်ကြောကျပ်တည်းမှု နည်းပါးသဖြင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သောယာဉ်များကို အမြန်နှုန်းတိုင်းကိရိယာ (Speedo Meter) ဖြင့် တိုင်းတာ၍ အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ထဲမှာ သတ်မှတ်ထားတဲ့ မိုင်နှုန်းအတိုင်း မောင်းလို့ရတဲ့နေရာ မရှိသလောက်ရှားတယ်။ မြို့ပြင်တွေက အမြန်မောင်းလို့ရတဲ့ လမ်းတွေပေါ်မှာ Speedo Meter တွေနဲ့ ကားတွေကို တိုင်းနေတယ်။ Mobile လှည့်လည်ပြီး Speedo Meter  တွေ နဲ့ တိုင်းတယ်။ သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ပိုမောင်းမယ်ဆိုရင် မော်တော်ယာဉ် ဥပဒေအရ အရေးယူတာပေါ့” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် (၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။

သတ်မှတ်အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များသည် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမြန်နှုန်းတိုင်းတာသည့်နေရာ ရောက်လျှင် အရှိန်လျှော့မောင်းနှင်လေ့ရှိကြောင်း သိရသည်။

“သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ကျော်ပြီးမောင်းတဲ့ ကားတွေကို မိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေ အမြန်နှုန်းတိုင်းတာတွေကို ယာဉ်မောင်းသူတွေ သိသွားတဲ့အတွက် အရှိန်တွေ လျှော့မောင်းမယ်ဆိုရင် ယာဉ်မတော်တဆမှု မဖြစ်တော့ဘူးပေါ့။ ဆရာတို့က ယာဉ်မ တော်တဆမှုတွေ လျော့နည်းဖို့အတွက် အဓိကလုပ်တာ။ အရေးယူဖို့အတွက် အဓိက လုပ်တာမဟုတ်ဘူး” ဟု ရဲမှူးမျိုးအောင်မြင့်က ဆက်လက်ပြောကြားသည်။

အလားတူ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ကားအမျိုးအစားအလိုက် မောင်းနှင်ရမည့် အမြန်နှုန်းများသတ်မှတ်ထားပြီး ကိုယ်ပိုင်ယာဉ်များမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၊ ခရီးသည်တင် Express ယာဉ်များမှာ တစ်နာရီလျှင် ကီလိုမီတာ ၉၀၊ ကုန်တင်ယာဉ်၊ လိုက်ထရပ်၊ ဒိုင်နာနှင့် ကင်တာယာဉ်များမှာ တစ်နာရီလျှင် ကီလို မီတာ ၆၀ စသည်ဖြင့် သတ်မှတ်ထားသည်။ အဆိုပါယာဉ်များကို Speedo Meter ဖြင့် တိုင်းတာကာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များကို အရေးယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent