<

မကွေးတိုင်း မြို့နယ်အချို့တွင် ကြက်သွန်အထွက်နှုန်း လျော့ကျခဲ့သောကြောင့် ဒေသတွင်း ဈေးကွက်တွင်ပင် ကြက်သွန်ဈေး မြင့်တက်မည့် အခြေအနေရှိကြောင်း သိရ

မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း ကြက်သွန်နုတ်သိမ်းသည့် လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

မကွေးတိုင်း ဒေသကြီးအတွင်း ကြက်သွန် အဓိကစိုက်ပျိုးသည့် မြို့နယ်အချို့တွင် ကြက်သွန်အထွက်နှုန်းများ လျော့ကျခဲ့သောကြောင့် ကြက်သွန်ရှားပါးရာသီတွင် ဒေသတွင်း ဈေးကွက်၌ပင် ကြက်သွန်ဈေး မြင့်တက်မည့် အခြေအနေရှိကြောင်း ဒေသခံများနှင့် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ် မိုးနှောင်းပိုင်းက မိုးအားကောင်းလွန်းခဲ့မှုနှင့် ကြက်သွန်စိုက်ပျိုးစ ရာသီတွင် အခါမဲ့မိုးများ ရွာသွန်းခဲ့မှုကြောင့် ပခုက္ကူ၊ ရေနံချောင်း၊ ဆိပ်ဖြူ စသည့်မြို့နယ်များအတွင်း ကြက်သွန်စိုက်ခင်းများ ပျက်စီးခဲ့ကာ အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ရာသီပေါ်စကပင် ယခင်နှစ်များကထက် ဈေးကောင်းခဲ့သောကြောင့် ကြက်သွန်ရှားပါးမည့် ရာသီတွင် ကြက်သွန်ဈေးများ မြင့်တက်နိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

“ကြက်သွန်က အဓိကစိုက်တဲ့ ရွာတွေမှာကို ထွက်နှုန်းတွေက လျော့ကြတာများပါတယ်။ ကြက်သွန်စိုက်ရတာက အရင်းအနှီးများပြီး ဈေးမကောင်းရင် အရှုံးပေါ်ကြတာများလို့ အခုနှစ်မှာ စိုက်သူတွေလည်း နည်းကြပါတယ်။ အရင်နှစ်က ကြက်သွန်ရာသီ ကုန်ချိန်မှာ ဈေးတွေအဆမတန် ကြီးမြင့်ခဲ့တော့ မြို့ပေါ်နေသူတချို့က သူတို့စားသုံးဖို့လောက်ကို အခုကတည်းက ၀ယ်လှောင် ထားကြတာမျိုးတွေ ရှိလာပါတယ်” ဟု ရေနံချောင်းမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောကြားသည်။

မကွေးမြို့မှ ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးက  “ကြက်သွန်က ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြို့နယ်တွေမှာတော့ ထွက်နှုန်းပုံမှန်ပဲ ရှိပါတယ်။ အရင်နှစ်က ရာသီကုန်ချိန်မှာ ဈေးက စံချိန်တင် မြင့်သွားဖူးတော့ အခုနှစ်မှာလည်း ဈေးမြင့်နိုင်မယ်လို့ ခန့်မှန်းကြသူတွေ ရှိပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရတော့ ပုံမှန်အတိုင်းဆို ဈေးတွေမြင့်တက် မသွားနိုင်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက အ၀ယ်လိုက်လာတာမျိုး ရှိလာရင်တော့ ဈေးတွေမြင့်လာမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောကြားသည်။

မကွေးဈေးကွက်အတွင်း မေလဆန်းပိုင်းက ကြက်သွန်တစ်ပိဿာလျှင် အ၀ယ်ဈေး ကျပ် ၅၀၀၀ ကျော်ရှိပြီး အရောင်းဈေး ကျပ် ၆၀၀၀ ကျော်ရှိကြောင်း၊ ယခင်နှစ်က ကြက်သွန်ရာသီကုန်ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း၊ မကွေးတိုင်းအတွင်း ယော၊ ပင်း၊ ယင်း စသည့်ချောင်းများ၊ ကိုင်းနှင့် မြေနုကျွန်းများတွင် မိုးကုန်ပိုင်းမှစ၍ ကြက်သွန်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

 

May 11, 2018














Copy Protected by Chetan's WP-Copyprotect.