အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့် မတကဘတ်ဆွမ်း ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်း အခမ်းအနားကို ရွှေဘိုမြို့ရှိ ရတနာသိင်္ဃ နန်းတော်ရာတွင် ပြုလုပ်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့် မတကဘတ်ဆွမ်း ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်း အခမ်းအနားကို ရွှေဘိုမြို့ရှိ ရတနာသိင်္ဃ နန်းတော်ရာတွင် ပြုလုပ်
Published 12 May 2018

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့် မတကဘတ်ဆွမ်း ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်း အခမ်းအနားကို ရွှေဘိုမြို့ရှိ ရတနာသိင်္ဃ နန်းတော်ရာတွင် ပြုလုပ်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့် မတကဘတ်ဆွမ်း ကပ်လှူဒါန်းခြင်းနှင့် အမျှပေးဝေခြင်း ပြုလုပ်စဉ်

အလောင်းမင်းတရားကြီး နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့် မတကဘတ်ဆွမ်း ကပ်လှူဒါန်းခြင်း အခမ်းအနားကို ရွှေဘိုမြို့ရှိ ရတနာသိင်္ဃနန်းတော်ရာ ရွှေဘုံရတနာ မင်္ဂလာနန်းတော်တွင် မေ ၁၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဝင် အနွယ်တော်များ အဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့သည်။

အခမ်းအနားအား နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပြီး ရေစက်ချ အမျှဝေခြင်းများပြု လုပ်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ မင်းတုန်းမင်း၏ အနွယ်တော်များ၊ သီပေါမင်း၏ အနွယ်တော်များ အစရှိသည့် ကုန်းဘောင်ဆက် အနွယ်တော်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုတာ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဘိုးအဘွားတွေလည်း ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမြေပုံဟာ သူထားခဲ့တဲ့ မြေပုံအတိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ကိုမေ့ထားလို့မရပါဘူး။ မနှစ်က ၂၅၇ နှစ် ပြည့်တုန်းက မန္တလေးမြို့မှာရှိတဲ့ ရွှေကျင်တိုက်မကြီးမှာ ကုန်းဘောင်ဆက် အနွယ်တော်တွေက စုပေါင်းပြုလုပ် ခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း မန္တလေးမှာ ပြုလုပ်ကြပါ တယ်။ ကျွန်တော်တို့ကတော့ အလောင်းမင်းတရားကြီးရဲ့ ဘူမိနက်သန် နေရာမှန်ဖြစ်တဲ့ ရွှေဘိုမှာပြုလုပ်တာ ကောင်းတယ်ဆိုပြီး ဆွေးနွေးတိုင်ပင်ပြီးတော့ ပြုလုပ်ဖြစ်တာ ဖြစ်ပါတယ်။ အခုအခမ်းအနားဟာ အလောင်းမင်းတရားကြီး ကံတော်ကုန်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ အုတ်နန်းပြာသာဒ်ရှိတဲ့ နေရာမှာ ပြုလုပ်တာဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ခေတ်စနစ် အခြေအနေအရ ပြုလုပ်ခွင့် မရခဲ့ပါဘူး။ အခုလို ပြုလုပ်ခွင့်ရတာ ဝမ်းသာသလို ဂုဏ်လည်းယူပါတယ်။ နောင်နှစ်တွေမှာလည်း နှစ်စဉ်ပြုလုပ်ဖို့ ကြိုးစားမှာပါ” ဟု ကုန်းဘောင်ဆက် အနွယ်တစ်ဦးဖြစ်သူ မက္ခရာ မင်းသားကြီး၏ တီတော်စပ်သည့် မက္ခရာသီဟက ပြောကြားသည်။

ထို့ပြင် မင်းတရားကြီး နတ်ပြည်စံသက် ၂၅၈ နှစ် ပြည့်အခမ်းအနားကို မန္တလေးမြို့တွင် ကုန်းဘောင်ဆက် အနွယ်တော်များက ဦးဆောင်၍ ဆွမ်းကပ်အမျှပေးဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တတိယ မြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအား ခမည်းတော်မောင်ညိုစံနှင့် မယ်တော်ရှင်ညိမ်းအောင်တို့မှ သက္ကရာဇ် ၁၀၇၇ ခုနှစ်တွင် မုဆိုးဖို (ရွှေဘိုမြို့) ကျေးရွာတွင် ဖွားမြင်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် စည်ပုတ္တရာထောင်မှူး ဦးဖြိုးမြ၏ သမီးဖြစ်သူ မယ်ယွန်းစံနှင့် လက်ထပ်ကာ သားတော်ခြောက်ပါးနှင့် သမီးတော်သုံးပါး ဖွားမြင်ခဲ့သည်။ မွန်တို့၏ တိုက်ခိုက်မှုကြောင့် ၁၁၁၃ ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီးခဲ့ပြီးနောက် ဒုတိယမြန်မာနိုင်ငံတော် ပျက်သုဉ်းခဲ့ရသည်။ ဦးအောင်ဇေယျသည် မုဆိုးဖိုရွာတွင် ထန်းလုံးတပ် ဆောက်လုပ်၍ သူရဲကောင်း ၆၈ ဦးဖြင့် စတင်ထူထောင်ခဲ့သည်။ ကွေ့ရှမ်းတို့နှင့် ခင်ဦးစားမင်းချစ်ညိုနှင့် မွန်တို့ကို တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်အား ချန်လှပ်ကာ ၁၁၁၅ ခုနှစ်တွင် တတိယ မြန်မာနိုင်ငံအား တည်ထောင်နိုင်ခဲ့ပြီး ကုန်းဘောင်မင်းဆက်ကို စတင်ထူထောင်ခဲ့သည်။ ၁၁၂၀ ခုနှစ်တွင် မဏိပူရကသည်းတို့အား ထပ်မံအောင်မြင်ခဲ့ပြီးနောက် ၁၁၂၁ ခုနှစ်တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ပြီး အပြန်လမ်းခရီးတွင် နတ်ရွာစံ ကံတော်ကုန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

 

Most Read

Most Recent