<

ရန်ကုန်မြို့လမ်းမများပေါ်တွင် ရာခိုင်နှုန်း ၇၀ အထိ သုံးစွဲနေသည်မှာ ကိုယ်ပိုင်ယာဉ်များဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ရာခိုင်နှုန်း ၃၀ သာရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့တွင် ပြေးဆွဲလျက်ရှိသော YBS ယာဉ်များကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ကြည်နိုင်)

ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုများစွာရှိကြောင်း၊ လမ်းမများ၏ ရာခိုင်နှုန်း ၇၀ အထိသုံးစွဲနေသည်မှာ ကိုယ်ပိုင်ကားများဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ ရာခိုင်နှုန်း ၃၀ သာရှိကြောင်း၊ YBS အဲကွန်းကားများကို ပြည်သူလူထုအားလုံး၊ ချမ်းသာသည့်သူများပါ စီးနိုင်မည့်အဆင့်ဖြစ်ပြီဆိုပါက ယာဉ်ကြောကျပ်တည်းမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

“ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းမှုများစွာရှိပါတယ်။ ဒီယာဉ်ကြောကျပ်တည်းမှု များစွာရှိတဲ့အပေါ်မှာ လမ်းမတွေအပေါ်မှာ ကြည့်မယ်ဆိုရင် ဒီလမ်းမတွေအပေါ်မှာ ၇၀ ရာခိုင်နှုန်း လမ်းမကို စိုးမိုးထားတာက ကိုယ်ပိုင်ကားများဖြစ်ပါတယ်။ အများပြည်သူသယ် ယူပို့ဆောင်ရေးဟာ ဒီလမ်းမရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ သုံးစွဲခွင့်ရတာဖြစ်ပါတယ်။ ဒါတောင်မှ တစ်ခါတလေမှာ ကိုယ်ပိုင်ကားနဲ့ တက္ကစီကားတွေကနေ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်ထားတာတွေ ရှိပါသေးတယ်။ ဒါကြောင့်မို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ကျွန်တော်တို့ အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် ရန်ကုန်မြို့ပေါ်မှာ ကိုယ်ပိုင်ကားတွေ သုံးစွဲနေမှုကို လျော့ကျသွားမှာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အသစ်တာဝန်ယူပြီးချိန်တွင် မထသစနစ်ကို ရပ်ဆိုင်းခဲ့ကြောင်း၊ မထသစနစ်မှ YRTA(Yangon Regional Transport Authority) ထူထောင်ပြီး Yangon Bus Services ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စတင်ဆောင်ရွက်ခဲ့သည့်အတွက် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်သည် အတိုင်းအတာတစ်ခုအထိ မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးစနစ်ကို လက်ရှိထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီနေရာမှာ အခုနောက်ဆုံးကြိုးစားနေတဲ့ စနစ်ကတော့ ကတ်စနစ်တစ်ခုကျင့်သုံးနိုင်ဖို့ဖြစ်ပါတယ်။ ကတ်စနစ်ကိုကျင့်သုံးချင်တဲ့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဟာ ဘတ်စ်ကားစီးဖို့ သက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူလူထုကို ဘဏ်စနစ်နဲ့ နီးစပ်စေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အချိုးကိုကြည့်ရင် အလွန်နည်းပါးနေသေးတာ တွေ့ရပါတယ်။ အလွန်နည်းပါးတဲ့ အချိုးလောက်ပဲ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်နေတာတွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဆီမှာ အများပြည်သူ အများစုဟာ လူဦးရေရဲ့ ၂ ဒသမ ၅ သန်းဟာ ဘတ်စ်ကား စီးနေပါတယ်။၂ ဒသမ ၅ သန်း သော ပြည်သူတွေသာ ဘဏ်စနစ်ကို သုံးစွဲနိုင်ပြီဆိုရင် ကျွန်တော်တို့အဆင့်တစ်ဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ဆိုသည်။

ထို့ကြောင့် ဘတ်စ်ကားများအတွက် သုံးစွဲမည့် ကတ်ပြားသည် အခြားသော ၀ယ်ယူ အသုံးပြုနိုင်မည့် ကတ်များဖြစ်ရန်လိုအပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ YRTA ရဲ့ YBS စနစ်ကြီးဟာအခု လမ်းမပေါ်မှာ အဲကွန်းကားတွေ ကို တွေ့မြင်နေရမှာဖြစ်ပါတယ်။ ဒီအဲကွန်းကားတွေကိုသာ ပြည်သူလူထုအားလုံးက စီးနိုင်မယ့်အဆင့်၊ ချမ်းသာတဲ့သူတွေပါ ဘတ်စ်ကားစီးနိုင်တဲ့အဆင့်ဖြစ်ပြီဆိုရင် ကျွန်တော် တို့ရဲ့လမ်းမပေါ်မှာ တအားကျပ်တည်းနေတဲ့ အခြေအနေဟာ လျော့ကျသွားမှာဖြစ်ပါတယ်။ အားလုံးက ကိုယ်ပိုင်ကားကို စီးချင်လို့ စီးနေကြတာတော့မဟုတ်ပါဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ အလွန်အင်မတန်ကို ညံ့ဖျင်းခဲ့တဲ့အတွက် ကိုယ်ပိုင်ကားကို စီးကြရတာဖြစ်ပါတယ်။ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် ကိုယ်ပိုင်ကားစီးမှုဟာ လျော့ကျသွားနိုင်တယ်” ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

 

May 10, 2018














Copy Protected by Chetan's WP-Copyprotect.