လှည်းကူးမြို့နယ်တွင် အမျိုးသားတစ်ဦး ဗုံးသီးအဟောင်းတစ်လုံးအား ခွာနေစဉ် ဗုံးပေါက်ကွဲသဖြင့် သေဆုံးခဲ့ပြီး ၎င်း၏နေအိမ်မှ ဗုံးသီးဟောင်း ၂၁ လုံး တွေ့ရှိ

လှည်းကူးမြို့နယ်တွင် အမျိုးသားတစ်ဦး ဗုံးသီးအဟောင်းတစ်လုံးအား ခွာနေစဉ် ဗုံးပေါက်ကွဲသဖြင့် သေဆုံးခဲ့ပြီး ၎င်း၏နေအိမ်မှ ဗုံးသီးဟောင်း ၂၁ လုံး တွေ့ရှိ
Published 11 May 2018

ထပ်မံတွေ့ရှိရသည့် ဗုံးသီးဟောင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

လှည်းကူးမြို့နယ်တွင် အမျိုးသားတစ်ဦး ဗုံးသီးအဟောင်းတစ်လုံးအား ခွာနေစဉ် ဗုံးပေါက်ကွဲသဖြင့် သေဆုံးခဲ့ကာ ၎င်း၏နေအိမ်မှ ဗုံးသီးဟောင်း ၂၁ လုံးတွေ့ရှိခဲ့ကြောင်း မေ ၁၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မေ ၉ ရက် ညနေ ၄ နာရီကျော်ခန့်တွင် လှည်းကူးမြို့နယ် ကြို့ကုန်းတောင်ကျေးရွာတွင် ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦး....(၅၁ နှစ်) ဖြစ်ကြောင်း သိရသည်။

ဦး...(၅၁ နှစ်) မှာ ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းပွင့်ထွက်၊ ဦးခေါင်းကြေမွ၊ ယာတံတောင်ဆစ်ပြုတ်ထွက်၊ ဝဲလက်ကောက်ဝတ် ပြတ်ထွက်၊ ရင်ဘတ်စုတ်ပြဲနှင့် ဝဲ/ယာခြေထောက် ဒူးအောက်ပိုင်းပြတ် ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရာ သေဆုံးသူ ဦး....(၅၁နှစ်) မှာ ရေခဲထုပ်ရောင်းခြင်း၊ သံတိုသံစများ ကောက်ခြင်းနှင့် သံတိုသံစများအား ရေခဲထုပ်ဖြင့် လဲလှယ်ခြင်းစသည့် အလုပ်များအား လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အနီးပတ်ဝန်းကျင်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ ဦး....(၅၁နှစ်) မှာ အခင်းဖြစ်ပွားသည့် မေ ၉ ရက် ညနေ ၄ နာရီ ခန့်တွင် ၎င်းယူဆောင်လာသည့် သံတိုသံစများအား ခွာနေကြောင်း၊ အဆိုပါနေရာသို့ အိမ်နီးချင်း ဒေါ်.... (၆၀ နှစ်) က လာရောက်စဉ် ဦး.... (၅၁ နှစ်) ခွာနေသည့် သံထည်ပစ္စည်းမှ မီးခိုးများထွက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း  သိရသည်။

ဒေါ်...(၆၀ နှစ်) မှာ မီးခိုးများထွက်လာသည်ကို တွေ့မြင်သဖြင့် နောက်ပြန်ပြေးစဉ် ဦး...(၅၁ နှစ်) ခွာနေသည့် ဗုံးသီးဟောင်းမှ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲသဖြင့် ဒေါ်.....(၆၀ နှစ်) မှာ ယာပေါင်တွင် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ အင်းတိုင်တပ်နယ်တပ်ဖွဲ့၊ စအရ (၉၀၅) နှင့် လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ဆက်လက်ရှာဖွေရာ သေဆုံးသူ ဦး...(၅၁ နှစ်) ၏ နေအိမ်ရှေ့ သံတိုသံစ အဟောင်းပုံးအတွင်းမှ ၈၄ မမ ဗုံးသီးလေးလုံး၊ ၈၂ မမ ဗုံးသီးငါးလုံး၊ ၇၅ မမ ဗုံးသီးနှစ်လုံး၊ ၆၀ မမ ဗုံးသီးတစ်လုံး၊ ၈၄ မမ ဒုံးကျည်နှစ်လုံး၊ အာပီဂျီ ဗုံးသီးအဟောင်း ခုနစ်လုံး၊ စုစုပေါင်း ဗုံးသီး ၂၁ လုံး အား ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါနေရာအား အင်းတိုင်တပ်နယ်၊ စအရ (၉၀၅) နှင့် ဖောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent