လိပ်ကျွန်းနှင့် ရနောင်း လူသတ်မှုတွင် ကူညီဆောင်ရွက်ပေးနေသည့် FED အဖွဲ့နှင့် ထိုင်းရှေ့နေတို့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပြီး ရနောင်းလူသတ်မှုကို ထိုင်းဥပဒေအရ အယူခံဝင်မည်ဟုဆို

လိပ်ကျွန်းနှင့် ရနောင်း လူသတ်မှုတွင် ကူညီဆောင်ရွက်ပေးနေသည့် FED အဖွဲ့နှင့် ထိုင်းရှေ့နေတို့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပြီး ရနောင်းလူသတ်မှုကို ထိုင်းဥပဒေအရ အယူခံဝင်မည်ဟုဆို
Published 11 May 2018

ကမ္ဘာကျော်အမှုဖြစ်သည့် လိပ်ကျွန်းနှင့် အလားတူ ရနောင်းလူသတ်မှုတွင် တရားခံအဖြစ်  ပြစ်ဒဏ်ချခံထားရသည့် ရွှေ့ပြောင်း မြန်မာ လုပ်သားများနှင့်ပတ်သက်ပြီး အမှု နောက်ဆုံးအခြေအနေကို  မေ ၁၀ ရက်က ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ယင်းအမှုများနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် FED အဖွဲ့၊ ထိုင်း ရှေ့နေနှင့် ရနောင်းလူသတ်မှုတွင် ပါဝင်ကျူးလွန်သည်ဟု စွပ်စွဲခံရပြီး ထောင်ဒဏ်မှ လွတ်မြောက်လာသော မောင်ကျော်စိုးဝင်းနှင့် မိသားစုဝင်များက အမှုအခြေအနေများနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

“လိပ်ကျွန်းလူသတ်မှုက ထိုင်းဥပဒေအရ အယူခံတရားရုံး သုံးကြိမ်တက်ပြီးသွားပြီ။ အခုနောက်ဆုံး ဗဟိုတရားရုံးကို တင်ထားတဲ့အမှုက သူတို့စိစစ်နေတုန်းဖြစ်တယ်။ ထိုင်းရှေ့နေရဲ့ ပြောပြချက်အရ အချိန်ကတော့ အတိအကျပြောလို့မရဘူးပေါ့။ ပုံမှန်အားဖြင့် တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် ကြာတတ်တယ်လို့ သိရတယ်။ ဒါကတော့ လိပ်ကျွန်းလူသတ်မှုပေါ့။ ပြီးတော့ ပြီးခဲ့တဲ့လ ၂၉ ရက်က ထောင်ထဲမှာပြစ်ဒဏ်ကျနေတဲ့ ဝင်းနဲ့ ဇော်တို့ကို ကျွန်တော်တို့ကိုယ်တိုင် သွားတွေ့ခဲ့တယ်။ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကောင်းမွန်ပါတယ်” ဟု  FED အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

ရနောင်းလူသတ်မှုဖြစ်စဉ်တွင် ရွှေ့ပြောင်းမြန်မာလူငယ်များမှာ ပြစ်မှုကျူးလွန်ခြင်း မထင်ရှားသော်လည်း ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသည့် အသက်မပြည့်သေးသည့် မောင်ကျော်စိုးဝင်းမှာ အမိန့်ချမှတ်သည့်နေ့က ချုပ်ရက်ဖြင့် လွတ်မြောက်လာခဲ့ကာ အဆိုပါအမှုနှင့်ပတ်သက်ပြီး ထိုင်းဥပဒေအရ အယူခံအဆင့်ဆင့် တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ရနောင်းလူသတ်မှုနဲ့ ပတ်သက်ပြီး ကျန်ရှိနေတဲ့ကလေးတွေအတွက် ထိုင်းဥပဒေအတိုင်းပဲ သုံးဆင့်ပေါ့။ အယူခံဝင်ဖို့ ပြင်ဆင်နေတယ်။ ထိုင်းဥပဒေအရ အမိန့်ချတဲ့ ရက်ကနေ တစ်လအတွင်း အယူခံဝင်ရမယ်။ ဒါပေမဲ့ ဥပဒေအရ အချိန်လိုအပ်ရင် တိုးတောင်းလို့ ရပါတယ်။ ဆိုတော့ ရနောင်း လူသတ်မှုအယူခံအတွက် ပြင်ဆင်ချိန် တိုးတောင်းခဲ့တာ ရှိတယ်။ ဒီလ ၁၉ ရက်နေ့တော့ မတင်နိုင်သေးဘူး။ ဇွန်လ ၁၉ ရက်နေ့ မတိုင်ခင်တော့ အခြေခံအယူခံကို တင်ဖို့ ပြင်ဆင်နေပါတယ်။ အယူခံတင်တဲ့နေရာမှာ အဓိကကတော့ တရားရုံးက လျစ်လျူရှုလိုက်တဲ့ မျိုးရိုးဗီဇသက်သေပေါ်မှာ အဓိက အယူခံတက်မှာပါ”  ဟု ဦးထူးချစ်က ဆက်လက်ပြောကြားသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် မြန်မာအလုပ်သမားလေးဦးကို ပြစ်မှုမထင်ရှားသော်လည်း ထောင်ဒဏ်နှင့် ငွေဒဏ် ပြစ်ဒဏ်အသီးသီးကို ဧပြီ ၁၉ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် အသက်မပြည့်သေးသော အဓိကတရားခံအဖြစ် ရနောင်းမြို့ ကလေးသူငယ်တရားရုံးတွင် တရားစွဲခဲ့သည့် မောင်မိုးဇင်အောင်အား ထောင်ဒဏ် လေးနှစ်နှင့် ငွေဒဏ်၊ မောင်ကျော်စိုးဝင်းအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ပြီး လူကြီးတရားရုံးတွင် တရားစွဲဆိုခံထားရသည့် မောင်စိန်ကတုံးအား ထောင်ဒဏ်ရှစ်နှစ်နှင့် ငွေဒဏ်၊ မောင်ဝေလင်းအား ထောင်ဒဏ် ခြောက်နှစ်နှင့် ငွေဒဏ် အသီးသီးတို့ကို ချမှတ် ခဲ့ခြင်းဖြစ်ပြီး မောင်ကျော်စိုးဝင်းမှာ ချုပ်ရက်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။