တပ်မတော်နှင့် KNU အကြား ဖာပွန်ဒေသအတွင်း စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ အမြန်ဆုံး နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း KNU ထုတ်ပြန်

တပ်မတော်နှင့် KNU အကြား ဖာပွန်ဒေသအတွင်း စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ အမြန်ဆုံး နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း KNU ထုတ်ပြန်
Published 11 May 2018

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း စစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ အမြန်ဆုံးနှစ်ဖက် ဆွေးနွေး ညှိနှိုင်းရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က မေ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

လတ်တလော ဖာပွန်ဒေသအတွင်း ဖြစ်ပွားနေသော တပ်မတော်မှ လမ်းဖောက်လုပ်ရေးအတွက် တပ်ရင်းသစ်များ ထပ်မံစေလွှတ်ခြင်းကြောင့် စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းများကို အမြန်ဆုံး နှစ်ဖက်ဆွေးနွေး ညှိနှိုင်းရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“(တွေ့ဆုံဆွေးနွေးရန်) တောင်းဆိုထားတာ ပြဿနာဖြစ်ကတည်းက။ နောက်ပြီးတော့ JMC ကနေပြီးတော့ တပ်မတော်ဘက်က အရာရှိတွေနဲ့ ကျွန်တော်တို့ဘက်က တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ဆိုပြီးတော့ JMC ကနေပြီးတော့ ဆုံးဖြတ် ချက်ချပြီးတော့ Facilitate လုပ်ပေးတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က သွားတယ်။ ကျွန်တော်တို့ဘက်က သွားတဲ့အခါမှာ လွန်ခဲ့တဲ့ မတ် ၂၉၊ ၃၀ မှာ အဲကို သွားတော့ ကျွန်တော်တို့ တပ်မဟာ (၅) မှူး မပါလို့ ဆိုပြီးတော့ အစည်းအဝေးကို ရွှေ့ လိုက်တယ်။ ရွှေ့ပေမဲ့ ကျွန်တော်တို့ဘက် ပြန်ပြီးတော့ အစည်းအဝေးကို ဆက်ပြီးလုပ်နိုင်ဖို့အတွက် အခုထက်ထိ သူတို့ဘက်က Confirm ပြန်မပေးသေးတော့။ ဒီကြားထဲမှာ အခုလိုမြေပြင်မှာ အင်အား တိုးချဲ့တဲ့ကိစ္စတွေ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့ စိုး ရိမ်တာပေါ့နော်။ တပ်မတော်အနေနဲ့ တပ်တွေ ပြန်ရုပ်သိမ်းဖို့ လိုအပ်တယ်။ ဒီလိုကာလမှာ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ဒီလိုမျိုး လူထုတွေ စွန့်ခွာ တိမ်းရှောင်ရတဲ့ အဖြစ်မျိုး ကျွန်တော်တို့ မလုပ်အပ်ဘူး” ဟု  ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအ တွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

တစ်ဖက်နှင့်တစ်ဖက်အကြား ယုံကြည်မှု တည်ဆောက်နေသည့် ကာလနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေသည့်ကာလဖြစ်သည့်အတွက် တပ်များကို ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။

KNU သည် ပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းနည်းဖြင့်သာ ရေရှည်တည်တံ့ခိုင်မြဲသော နားလည်မှု၊ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မတ်လဆန်းပိုင်းမှစ၍  ဖာပွန်ခရိုင်၌ တပ်မတော်မှ ကားလမ်းဖောက်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၅) တို့  ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်နှင့် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန်တို့အတွက် ရည်ရွယ်၍ လမ်းဖောက် လုပ်ရခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဧပြီ ၁၀ ရက်က သတင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မတ်လဆန်းပိုင်းမှ စတင်ခဲ့သော တပ်မတော်နှင့် KNLA တပ်မဟာ (၅) တို့၏ ပဋိပက္ခများကြောင့် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံများ တောထဲသို့ ထွက်ပြေး တိမ်းရှောင်ရမှုမှာ လူဦးရေ ၂၀၀၀ ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း  KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် KNU မှ ထိပ်ပိုင်းခေါင်းဆောင်များသည် မတ် ၂၉ ရက် ( သို့မဟုတ်) ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၌ တွေ့ဆုံညှိနှိုင်းရန် ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးက ဆုံးဖြတ်ချက်ချထားသည်။ သို့သော် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အခင်းဖြစ်ပွားသည့် နယ်မြေမှ KNU လက်အောက်ခံ KNLA တပ်မဟာ (၅) တပ်မဟာမှူး မပါသဖြင့် ဆွေးနွေးပွဲမှာ ယခုထိ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် တပ်မတော်လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် NCA ရေးထိုးထားသည့် KNU လက်အောက်ခံ KNLA တပ်မဟာ (၅) တို့အကြား အပြန်အလှန် ကန့်ကွက်စာများ ပေးပို့ထားသည်။

Most Read

Most Recent