ပဋိပက္ခဖြစ်စဉ်များတွင် နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရေးနှင့် နောင်အလား တူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး အလျင်အမြန် ညှိနှိုင်းဆွေးနွေးရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) တိုက်တွန်း

ပဋိပက္ခဖြစ်စဉ်များတွင် နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရေးနှင့် နောင်အလား တူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး အလျင်အမြန် ညှိနှိုင်းဆွေးနွေးရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) တိုက်တွန်း
Published 11 May 2018

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို ရန်ကုန်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

ပဋိပက္ခဖြစ်စဉ်များတွင် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများ၏ အကျိုးစီးပွားကို ထောက်ထားခြင်းအားဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ပြုရာဒေသများသို့ ပြန်လည်အခြေပြုနိုင်ရန် နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းခြင်းနှင့် နောင်အလား တူဖြစ်စဉ်များမဖြစ်ပေါ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ အလျင်အမြန် ပြုလုပ်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဒုတိယဥက္ကဋ္ဌ (၁) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားလှယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက တိုက်တွန်း ပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၏ ၁၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ် လျက်ရှိပြီး ယင်းအစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားရာ၌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက“NCA မှ တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆီသို့ဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အဟန့်အတားဖြစ်စေမယ့် မည်သည့်အပြုအမူမျိုးကိုမှ မပြုလုပ်ကြရန် အထူးသတိထားရမှာဖြစ်ပါတယ်။ ယုံကြည်မှုပျက်ပြားစေမည့် အပြုအမူများကို မလုပ်ဘဲ ယုံကြည်မှုမြင့်မား စေမည့် မည်သည့်အပြုအမူမျိုးကိုမဆို နှစ်ဖက် လက်နက်ကိုင်များမှ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် ဖန်တီးယူဖို့ လိုအပ်ပါတယ်။ Rectove ဆိုတဲ့ တုံ့ပြန်ပြုမူခြင်း အဆင့်ထက် Proactive ဆိုတဲ့ ဖန်တီးယူခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ခြင်းကို အ ထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ လက်နက်ကိုင် ထိတွေ့မှုများကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် နှစ်ဖက်စလုံးမှာ ကိုယ့်ယုံကြည်ချက်ဖြင့်ကို ပြည်သူလူထုအကျိုးစီးပွားကို စောင့်ရှောက်နေကြတာဖြစ်သလို ယခုပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု၏ အကျိုးစီးပွားကိုထောက်ထားခြင်းအားဖြင့် ၎င်းတို့၏ မူရင်းအသက်မွေးဝမ်းကျောင်းပြုရာ ဒေသများတွင် ပြန်လည်အခြေပြုနိုင်ရန်အတွက် တပ်များပြန်လည်ရုပ်သိမ်းခြင်းနှင့် နှစ်ဖက်တပ်များအကြား ယခုဖြစ်စဉ်နှင့်အတူ နောင်အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ အလျင်အမြန် လုပ်သွားရန်တိုက်တွန်းလိုပါတယ်။ ဒါကြောင့်  JMC ရဲ့ အခြေခံမူများအတိုင်း ပဋိပက္ခများကို အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ ဘက်လိုက်မှုကင်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားမျှတမှုရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်းတို့နှင့်အတူ ညှိနှိုင်းအဖြေရှာသွားရန် တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးလာခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ကြာမြင့်လာပြီဖြစ်သော်လည်း နှစ်ဖက်တပ်များအကြား သံသယစိတ်နှင့် စိုးရိမ်စိတ်များ ရှိနေသေးသည်ကို အားလုံးလက်ခံကြရမည်ဖြစ်ကြောင်း၊ JMC အစည်းအဝေးများတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် တိုက်တွန်းနေကြောင်း၊ ထို့ကြောင့် NCA  နှင့် JMC အကောင်အထည်ဖော်မှုများကို သဘောပေါက် နားလည်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ နှင့် ရင်းနှီးမှု၊ ယုံကြည်မှုများတည်ဆောက်ရန်အတွက် အောက်ခြေနှစ်ဖက်တပ်မှူးများ တွေ့ဆုံသွားရန်ရှိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “ယုံကြည်မှုအဆင့်ဆိုသည်မှာ ဒေသတစ်ခု နှင့် တစ်ခုအကြား တူညီမှု မရှိသည်ကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေအမျိုးမျိုးကြောင့် ယုံကြည်မှုနည်းပါးနေသေးတဲ့ ဒေသတွေမှာ ဘာပဲလုပ်လုပ် အထူးသတိထားရမှာဖြစ်ပါတယ်။ ကြိုတင်ညှိနှိုင်းမှုများကို အချိန်ယူညှိနှိုင်းဖို့လိုအပ်ပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲအပြုအမူများသည်ပင် ရှိပြီးသား ယုံကြည်မှုတွေကိုပျက်ပြားစေနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခအခြေအနေကို ပြန်လည်တွန်းပို့နိုင်ပါတယ်။ ဒါက လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို အခြေခံပြောကြားခြင်းဖြစ်ပါတယ်” ဟု ဆက်လက်ထည့်သွင်းပြောကြားသည်။

ထို့အတူ JMC-U ဥက္ကဋ္ဌ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိအနေအထားတွင်  JMC လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်စဉ်များ အနည်းငယ်ရှိနေသည်ကို တွေ့ရသော်လည်း ကြီးမားသည့် ဖြစ်စဉ်များမဟုတ်ကြောင်း၊ ထိုကဲ့သို့ ပေါ်ပေါက်ရသည့် အကြောင်းရင်းများကို ပြန်လည်ဆန်းစစ်ရာတွင် ကော်မတီဝင်အချင်းချင်းများအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာမှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ နောက်ကြောင်းပြန် စိုးရိမ်ပူပန်မှုများလည်း ရှိသည်ကို တွေ့ရကြောင်း၊ ထို့အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ရင်းနှီးစွာ ယုံကြည်မှု တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ သို့မှသာ အေးချမ်းတည်ငြိမ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြန်အလှန် ယုံကြည်ကိုးစားမှုများနှင့်အတူ ရေရှည်ငြိမ်း ချမ်းရေးကို ဆက်လက်အကောင်အထည် ဖော်သွားနိုင်မည်ဟု ယုံကြည်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

JMC-U ၏ ၁၆ ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးပွဲကို မေ ၁၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လယ်မူပလော ဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KNU လက်အောက်ခံ KNLA တပ်မဟာ (၅) တို့အကြား ထိတွေ့မှုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း JMC-U အတွင်းရေးမှူး (၂) တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားထားသည်။

Most Read

Most Recent