လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြန်လာမည်ဆိုပါက အဆင့်သည် နောက်ဆုတ်သွားမည်ဖြစ်ကြောင်း စုံ/ကော်ရေးဆွဲရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြန်လာမည်ဆိုပါက အဆင့်သည် နောက်ဆုတ်သွားမည်ဖြစ်ကြောင်း စုံ/ကော်ရေးဆွဲရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 May 2018

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းအား ယခုလပိုင်းများအတွင် တွေ့ရစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြန်လာမည်ဆိုပါက အဆင့်သည် နောက်သို့ဆုတ်သွားမည်ဖြစ်ကြောင်း စုံ/ကော်ရေးဆွဲရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် စီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စအားလုံးကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်က ပြီးပြည့်စုံသည့် အစီရင်ခံစာတစ်ရပ် တင်ပြပြီးဖြစ်ကြောင်း၊ ဒေသခံများဘက်ကလည်း ၎င်းတို့၏ အစီရင်ခံစာအတိုင်း လိုက်နာမည်ဟု သဘောတူပြီးဖြစ်သည့်အတွက် အစီရင်ခံစာကို အကောင်အထည် ဖော်ဆောင်ရေး ကော်မတီဘက်ကလည်း ဆက်လက်အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြောချင်တာက အစီရင်ခံစာထဲမှာ ဘယ်အချက်တွေပါတယ်။ အကောင်အထည်ဖော်တဲ့ ကော်မတီအနေနဲ့က ဒါတွေဆောင်ရွက်ပြီလား၊ မဆောင်ရွက်ဘူးလား။ ဒါလေးကို ကျွန်မတို့က တိုက်ဆိုင်ကြည့်ပြီးတဲ့အခါမှာ ဆောင်ရွက်ထားတာတွေရှိရင်လည်း အားသာချက်တွေ၊ အားနည်းချက်တွေ၊ နောက်တစ်ခုက မဆောင်ရွက်သေးတဲ့အချက်တွေကို ကျွန်မတို့က ဝိုင်းပြီးတော့ ဖြစ်အောင်တိုက်တွန်းကြရမှာ။ လုပ်ကြရမှာလေ။ ကျွန်မတို့ ကော်မရှင်ဆီကို ပြန်လာနေမယ်ဆိုလို့ ရှိရင်တော့ အဆင့်က နောက်ကိုရောက်သွားလိမ့်မယ်။ နောက်ကို ဆုတ်သွားလိမ့်မယ်။ ကျွန်မတို့က အရှေ့ကိုတိုးပြီးလုပ်ရမှာ။ အရှေ့ကိုတိုးပြီး လုပ်မယ်ဆိုလို့ရှိရင် အခုနကပြောသလို အကောင်အထည်ဖော်တဲ့ ကော်မတီရယ်၊ ကျေးရွာဒေသခံများရယ်၊ လွှတ်တော်ကိုယ်စားလှယ်များရယ်၊ ဒီဟာကို တာဝန်ယူထားတဲ့ အစိုးရရယ်၊ အားလုံးပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်ပြီး ရှေ့ကိုတိုးသွားမယ်ဆိုမှသာလျှင် လက်ရှိဖြစ်နေတဲ့ပြဿနာကို ပြေလည်မယ်လို့ ကျွန်မတို့ကတော့ ဒီလိုပဲမြင်တယ်” ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

လက်ပံတောင်းတောင်ဒေသ၌ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများ ပြေလည်ရမည့်အချိန်၊ ပြည်သူလူထုဘက်ကလည်း ယခုအချိန်တွင် အားလုံးကို ကျေကျေနပ်နပ် ဖြစ်နေရမည့် အချိန်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာထဲတွင် ပါရှိသည့်အတိုင်း အခွင့်အရေးများ ပြည့်ပြည့်၀၀ ရရှိရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ကြေးနီလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်၊ မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ စာထဲတွင်၂၀၀၁ ခုနှစ် လန ၃၉ အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေ ၇၈၆၇ ဒသမ ၇၈ ဧကကို ကြေးနီထုတ်လုပ်ရန်အတွက် ရယူခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ မြေယာအချို့သည် မြေယာလျော်ကြေးထုတ်ယူခြင်း မရှိသေးသည့် တောင်သူအများအပြား ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent