ရန်ကုန်မြို့တွင် နေစရာတိုက်ခန်းဝယ်လိုသူ တစ်သိန်းခွဲအထိရှိပြီး ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အာဆီယံမှကုမ္ပဏီများ လာရောက်ဆက်သွယ်ထားကြောင်း သိရ

ရန်ကုန်မြို့တွင် နေစရာတိုက်ခန်းဝယ်လိုသူ တစ်သိန်းခွဲအထိရှိပြီး ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အာဆီယံမှကုမ္ပဏီများ လာရောက်ဆက်သွယ်ထားကြောင်း သိရ
Published 11 May 2018

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာစီမံကိန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေစရာ တိုက်ခန်း ဝယ်ယူလိုသူ တစ်သိန်းခွဲအထိရှိကြောင်းနှင့် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အာဆီယံမှ ကုမ္ပဏီကြီးများ လာရောက်ဆက်သွယ်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

“ကျူးကျော်နေထိုင်သူတွေ ရှိပါတယ်။ စက်မှုဇုန်တွေထဲမှာ ကျူးကျော်နေထိုင်သူတွေ ရှိပါတယ်။ လှိုင်သာယာဘက်ကို သွားမယ်ဆိုရင် လမ်းမဘေးမှာ ကျူးကျော်နေထိုင်တဲ့သူတွေကို တွေ့ရမှာဖြစ်ပါတယ်။ သူ  တို့ နေထိုင်နေရတဲ့ အိမ်စုတ်ကလေးတွေကို ပျဉ်ထောင်အိမ်လောက် လုပ်ပေးလိုက်မယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ သူတို့ရဲ့လူမှုဘဝကို မြှင့်တင်ရမှာဖြစ်ပါတယ်။ ဒီလူတွေဟာ ရန်ကုန်မြို့ရဲ့လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်တို့ စာရင်း ကောက်ယူထားတာ ရှိပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်မှာ အိမ်ဝယ်လို  သူ နေစရာ အခန်းဝယ်လိုသူ တစ်သိန်းခွဲရှိပါတယ်။ ဒါဟာ အလွန်အင်မတန်ကြီးမားတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။ တစ်သိန်းခွဲသော  အိမ်ထောင်စုတွေကို တိုက်ခန်းကို အနှစ် ၃၀၊ တစ်လကို ခြောက်သောင်း၊ ခုနစ်သောင်း လောက်နဲ့ ရောင်းပေးမယ်။ အနှစ် ၃၀ ကျရင်  ဒီအခန်းကို ပိုင်ပြီဆိုတဲ့ရင်းနှီးမြှုပ်နှံမှုမျိုးကို လာလုပ်မယ်ဆိုရင် တိုက်ခန်းတစ်သိန်းခွဲကို ဝယ်လိုအားဟာ အဆင်သင့်ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံဖို့  အာဆီယံက ကုမ္ပဏီကြီးတွေ လာရောက် ဆက်သွယ်ထားပြီဖြစ်ပါတယ်။ သူတို့တိုက်ခန်းတွေကို ဆောက်ပေးမယ်။ ဒါတွေကို အစိုးရက စနစ်တကျ ရောင်းပေးမယ်ဆိုရင် လမ်းမဘေးမှာ နေနေတဲ့ သူတွေဟာ တိုက်တွေပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော် တစ်သိန်းခွဲအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပေးရန် ငွေကြေးပမာဏ ကြီးမားသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်ကြောင်း ဧပြီ ၂ ၀ ရက်က UMFCCI ၌ ကျင်းပသည့် Yangon Investment Forum 20185 ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နေစရာအိမ်မရှိတဲ့ ကျူးကျော်တွေကို စာရင်းကောက်ယူထားမှုအရ ကျွန်တော်တို့မှာ တစ်သိန်းခွဲလောက် နေစရာမရှိတဲ့သူတွေ ရှိပါတယ်။ ဒီနေစရာမရှိသူရဲ့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီအခြေအနေကို အိမ်ကိုရင်းနှီးမြှုပ်နှံမှု များများနဲ့ မြှုပ်နှံပြီး ဆောင်ရွက်မယ်ဆိုရင် အနှစ် ၃၀ လောက် ငွေရင်းနှီးထားမယ်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ဈေးကွက်က တိုက်ခန်းပေါင်း တစ်သိန်းခွဲလောက် ဝယ်လိုအားရှိနေတယ်လို့ ပြောလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်တိုက်ခန်း တစ်သိန်းခွဲလောက် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲလောက်ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငွေကြေးပမာဏ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့က မြှုပ်နှံဖို့မရှိပါဘူး။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေတောင် တော်တော်စဉ်းစားရမယ့် Business မျိုး ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

Most Read

Most Recent