ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သော တရားမဝင် သစ်သယ်ဆောင်မှုအား ပိုင်ရှင်မဲ့ပြုလုပ်သည့် အမှုနှင့်ပတ်သက်၍ တာဝန်သိရဲဝန်ထမ်းများကို အန္တရာယ်မရှိရန် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြား

ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သော တရားမဝင် သစ်သယ်ဆောင်မှုအား ပိုင်ရှင်မဲ့ပြုလုပ်သည့် အမှုနှင့်ပတ်သက်၍ တာဝန်သိရဲဝန်ထမ်းများကို အန္တရာယ်မရှိရန် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြား
Published 11 May 2018

တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကို မေ ၁၀ ရက် နံနက်ပိုင်းက ဟိုတယ် ကျောက်ဆည်တွင် ပြုလုပ်စဉ်

ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သော တရားမဝင်သစ် သယ်ဆောင်မှုအား ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ တာဝန်သိရဲဝန်ထမ်းများကို အကူအညီပေးနိုင်ရန်အတွက် ကျောက်ဆည်မြို့ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့စည်းမှ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကို မေလ ၁၀ ရက် နံနက်ပိုင်းက ဟိုတယ်ကျောက်ဆည်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးမှုများအရ ကျောက်ဆည်မြို့ လွှတ်တော်ကိုယ်စားလှယ်များက ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များ ထပ်မံမဖြစ်ပွားအောင်နှင့် ဖြစ်စဉ်တွင်တာဝန်သိစွာ ဖမ်းဆီးခဲ့သည့် ရဲဝန်ထမ်းငါးဦးကို အန္တရာယ်မဖြစ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေနှင့်အညီ ကူညီဝိုင်းရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်းခဲ့သည်။

“ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့ အကြောင်းရင်းက အချိန်ခပ်မြန်မြန်လုပ်ရမယ့် အခြေအနေတွေဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖုန်းနဲ့ပဲ ဆက်သွယ်ဖြစ်ခဲ့ကြပြီး ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးဖို့ အချိန်မရခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီနေ့မှာ တွေ့ဆုံပြီးတော့ ဆွေးနွေးပွဲလုပ်တာပါ။ အခုလက်ရှိဆိုရင် တာဝန်ရှိတဲ့ ရဲတပ်သားတွေကို အရေးယူစစ်ဆေးမှုတွေ ပြုလုပ်နေသလို အဓိက ကျောက်ဆည်မြို့ရဲ့ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ ပျက်ပြားအောင် လုပ်နေတဲ့ ကားနဲ့အတူ ဖမ်းမိတဲ့သူတွေကို ပြန်ခေါ်သွားတဲ့ မုံလာကိုလည်း မနေ့က ဖမ်းဆီးမိခဲ့ပြီဆိုတော့ ရှေ့ဆက် ဘာတွေလုပ်ကြမလဲ။ တာဝန်သိစွာ ဖမ်းဆီးခဲ့တဲ့ ရဲဝန်ထမ်းတွေအတွက် အန္တရာယ်ကင်းအောင် ဘာတွေကာကွယ်မှုပေးနိုင်မလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာပါ။ ကာကွယ်ပေးတာထက်စာရင် အဲ့ထက်ပိုတဲ့ ချီးမြှင့်မှုတွေ လုပ်ချင်ပါတယ်။ ဒါမှသာလျှင် နောက်နောင် ဒီထက်အခြားဌာနဆိုင်ရာသော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း ပြည်သူနဲ့ပူးပေါင်းဆောင်ရွက်ရင်း တိုင်းပြည်အပြောင်းအလဲကို ဝိုင်းဝန်းဖော်ဆောင်ဖို့အတွက် အသိလေးတွေ ရစေချင်တယ်။ ဒါကြောင့်ဆောင်ရွက်တာဖြစ်တယ်။ ဒါပေမဲ့ ပြောချင်တာက ဒီမှာ အရေးကြီးတာတစ်ခုရှိတယ်။ အခုလိုပြုလုပ်ခြင်းအပေါ် ထောက်ခံအားပေးမှုတွေ ရှိကြတယ်။ ဒီလိုလုပ်နေခြင်းက ရဲတပ်ဖွဲ့ကို စိတ်ဝမ်းကွဲပြားအောင် လုပ်နေတာမဟုတ်ပါဘူး” ဟု ကျောက်ဆည် ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ကိုစိုးသီဟက ပြောကြားသည်။

အမှုဖြစ်စဉ်တွင် တာဝန်သိစွာ ပူးပေါင်း ဖမ်းဆီးခဲ့သည့် ရဲတပ်သားငါးဦးအား လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ဖိအားပေးခြင်းနှင့် ရဲစည်းကမ်းနှင့် အရေးယူဆောင်ရွက်ခြင်း မရှိသေးဘဲ စုံစမ်းမေးမြန်းခြင်းများသာ ပြုလုပ်လျက်ရှိပြီး ဖမ်းမိသူများ လွှတ်ပေးမှုနှင့် ပတ်သက်၍ စခန်းမှူးအပါအဝင် ရဲတပ်သား ငါးဦးကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်း အတည်ပြုခဲ့ရာတွင် နောက်နောင်တွင် တရားဥဒေစိုးမိုးရေးအတွက် ယခုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များကို တာဝန်သိသိဖော်ထုတ်ခဲ့သော ရဲတပ်သားငါးဦးအား အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည်၊ နောက်နောင်တွင် ကျောက်ဆည်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ဥပဒေမဲ့လုပ်ရပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများမှ တားဆီးကာကွယ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်နှင့် နောက်နောင်တွင် ဥပဒေမဲ့ကိစ္စများကို တာဝန်သိသိ ဖော်ထုတ်ပေးမည့် မည်သည့်နိုင်ငံဝန်ထမ်းကိုမဆို အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေနှင့်အညီ အကာအကွယ်ပေးသွားမည်ဟု ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

အမှုမှာ ကျောက်ဆည်မြို့တွင် ဧပြီ ၂၅ ရက် ညပိုင်းက ဖျောက်ဆိပ်ပင်ကျေးရွာအနီးတွင် မှောင်ခိုသစ်သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို တာဝန်ကျရဲတပ်သားနှစ်ဦးက တားဆီးဖမ်းမိခဲ့ပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန် စခန်းသို့ခေါ်ဆောင်ခဲ့သော်လည်း စခန်းရောက်မှ အမှုမဖွင့်ဘဲ ပြန်လည်စေလွှတ်ကာ ပိုင်ရှင်မဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent