ကမ္ဘာ့ရေနံဈေးနှုန်း သုံးနှစ်ခွဲအတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်စည် ၇၁ ဒေါ်လာ အထိမြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီဈေး တစ်လအတွင်း တစ်လီတာ ၁၅ ကျပ်မှ ၃၀ ကြားဈေးတက်ခဲ့ကာ ပြီးခဲ့သည့် ဧပြီ ၁၀ ရက် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက လေးရာခိုင် နှုန်းခန့်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာလဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၇၁ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့ကာ ဧပြီ ၁၀ ရက်ဈေးနှုန်းနှင့် မေ ၁၀ ရက် ဈေးနှုန်းနှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် မေ ၁၀ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ၈၅၅ ကျပ် (တစ်ဂါလန် ၃၈၈၁ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၇၀ (တစ်ဂါလန် ၃၉၄၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၂ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၈၇၀ (တစ်ဂါလန် ၃၉၄၉ ကျပ်) ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်တွင်ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ကျပ် ၃၀ (၃ ဒသမ ၆၃ ရာ ခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၀ (၃ ဒသမ ၅၇ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၁၅ ကျပ် (၁ ဒသမ ၈၆ ရာ ခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ၂၅ ကျပ် (၂ ဒသမ ၉၅ ရာခိုင်နှုန်း) တစ်လအတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ ကျပ်) ပရီမီယံ ဒီဇယ် တစ်လီတာ ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၄၅ ကျပ် (တစ်ဂါလန် ၃၈၃၆ ကျပ်) ဖြစ်ရာ ငါးလဝန်းကျင်အတွင်း ဒီဇယ် ၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၆ ဒသမ ၀၉ ရာခိုင်နှုန်း၊ 92 Ron ၂ ဒသမ ၅ ရာခိုင်နှုန်း၊ 95 Ron ၂ ဒသမ ၉၅ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ပြည်ပမှ မှာယူတင်သွင်းသည့် စက်သုံးဆီများ၏ ဆိပ်ကမ်းအရောက် ပျမ်းမျှအရင်းဈေးသည် အောက်တိန်း 92 Ron တစ်လီတာလျှင် ၇၈၇ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၈၃၆ ကျပ်၊ ပရီမီယံ ဒီဇယ်ဆီတစ်လီတာလျှင် ၈၄၈ ကျပ်နှင့် အောက်တိန်း 95 Ron တစ်လီတာလျှင် ၈၁၈ ကျပ်ဖြစ်ပြီး လက်လီဆိုင်များ၏ ရောင်းဈေးသည် သိုလှောင်စရိတ်၊ သယ်ယူ ပို့ဆောင်ရေးစရိတ်အပေါ် မူတည်၍ ကွာခြားနိုင်ကြောင်း သိရသည်။
ဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းညှိနိုင်ရေးအတွက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနလက်ဝယ်ရှိ ဓာတ်ဆီဂါလန် သုံးသန်းကို ရောင်းချသွားမည်ဖြစ်ပြီး ဈေးထိန်းနိုင်ရန် ကာလလတ်၊ ကာလရှည် အစီအမံများ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဧပြီ ၁၂ ရက် တွင် ပြုလုပ်သည့် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေမှုနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ကျော်နှင့် သိုလှောင်ဖြန့်ဖြူးရေး စခန်းပေါင်း ၁၀ ခု ဝန်းကျင်နှင့် ဝန်ကြီးဌာနပိုင် စက်သုံးဆီ အရောင်းဆိုင် ၁၂ ဆိုင်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။