ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သုံးပတ်ကြာသည်အထိ ပြန်လည်ပေးပို့ခြင်း မရှိသည့်အတွက် ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများ၏အမှု စစ်ဆေးနိုင်ခြင်း မရှိသေး

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သုံးပတ်ကြာသည်အထိ ပြန်လည်ပေးပို့ခြင်း မရှိသည့်အတွက် ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများ၏အမှု စစ်ဆေးနိုင်ခြင်း မရှိသေး
Published 10 May 2018

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သုံးပတ်ကြာသည်အထိ ပြန်လည်ပေးပို့ခြင်း မရှိသည့်အတွက် ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများ၏ အမှုကို စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုသို့ အမှုတွဲများနှင့် စစ်ဆေးချက်များအား ကြည့်ရှုရန် ပြည်ထောင်စု တရားလွှတ်ချုပ်က ၂၀၁၈ ခုနှစ် ရာဇဝတ် အထွေထွေအမှုအမှတ် ၅ ဖြင့် အမှုဖွင့်ပြီး တောင်းယူသည့်အတွက် ဧပြီ ၁၉ ရက်က ဒက္ခိဏခရိုင်ရုံး တရားရုံးက အမှုတွဲများနှင့် စစ်ဆေးချက်များ ပေးပို့ထားကြောင်း သိရသည်။

“ဘယ်လောက်ကြာမလဲ ဆိုတာ ကျွန်တော် မသိနိုင်ဘူး။ သူတို့ဆီက ပြန်ပို့လာမှပဲ ဘယ်လောက်ကြာတယ် ဆိုတာသိမှာ။ ဘာအမှုနဲ့ခေါ်တာ သူ့ဆီက အမိန့်တစ်ခုခု ပါလာပေါ့။ ဘယ်သူက သွားလျှောက်လို့ ဒီက တောင်းခေါ်တယ်။ ဘာအမိန့် ချလိုက်တယ်ဆိုတာ အဲဒီကျမှ သိမှာပါ။ ကြာရတဲ့ အကြာင်းရင်းလည်း ဟိုကလာတဲ့အချိန်မှပဲ သိမှာပါ။ အဲဒီတော့မှ ဒီကအမှုက ဆက်သွားမှာပါ” ဟု ဒုတိယခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား မေ ၉ ရက် ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းမရှိဘဲ ချုပ်ရက်ရမန်ယူကာ လာမည့် မေ ၁၆ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် ရဲစခန်းများက လက်နက်အက်ဥပဒေ ပုဒ်မ ၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀၊ လက်နက် အက်ဥပဒေပုဒ်မ ၁၉-က/၁၉(စ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ၇ ၊ လက်နက် အက်ဥပဒေ ၉(စ)/၁၉(က)နှင့် တရားခံပြေးမှုတို့ဖြင့် ဒီဇင်ဘာ ၂၁ ရက် ပထမဆုံး ရုံးထုတ်စဉ်က တရားစွဲဆိုခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာတွင် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ၊ ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ဆက်လက် တရားစွဲဆိုခဲ့သည်။

ဖြိုးကိုကိုတင့်ဆန်း တစ်ဦးတည်းအား ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၁၈ ဖြင့် အေလာနယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၃) နှင့် ရာဇသတ်ကြီးမှုအမှတ် ၇/၂၀၁၈ ဖြင့် ဒက္ခိဏသီရိမြို့နယ် ရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၃) ဖြင့် ဇန်နဝါရီ ၁၀ ရက် တတိယအကြိမ် ရုံးထုတ်ရာတွင် ဆက်လက် တရားစွဲတင်ခဲ့ပြီး ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်သက်သူများအား နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးတွင် ရာဇသတ်ကြီးမှုပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှုပုဒ်မ နှစ်ခု စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၀ ခုဖြင့် တရားစွဲတင်ထားရာ ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုကိုသာ ပေါင်းစစ်ဆေးသင့်ကြောင်း ဇန်နဝါရီ ၂၄ ရက် ခြောက်ကြိမ်မြောက် ရုံးထုတ်တွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက အမိန့်ချမှတ်ခဲ့သည်။

Most Read

Most Recent