မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းသည့် စုံစမ်းလေ့လာရေးအဖွဲ့ အနေဖြင့် အဖွဲ့လိုက် မြေပြင်ကွင်းဆင်းမှု မလုပ်ရသေး

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းသည့် စုံစမ်းလေ့လာရေးအဖွဲ့ အနေဖြင့် အဖွဲ့လိုက် မြေပြင်ကွင်းဆင်းမှု မလုပ်ရသေး
Published 10 May 2018

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော လူစုလူဝေးအား သေနတ်ဖြင့် ပစ်ဖောက်မှုဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းသည့် စုံစမ်းလေ့လာရေးအဖွဲ့ အနေဖြင့် အဖွဲ့လိုက် မြေပြင်ကွင်းဆင်းမှု မလုပ်ရသေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့ ကော်မတီအနေနဲ့ မြေပြင်စုံစမ်းရေးကို လောလောဆယ်တော့ မြေပြင်အထိ မသွားရောက်နိုင်သေးဘူး။ အဓိကတော့ ကော်မတီဝင်တွေကလည်း တခြားကိစ္စတွေ လုပ်နေရတယ်။ ဒါပေမဲ့ ကော်မတီဝင် နှစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ ဦးကျော်ဝင်းကတော့ မြောက်ဦးမှာ ရှိတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်။ အစီရင်ခံစာကိုတော့ လုပ်ဆောင်နေတယ်။ မှတ်ချက်တွေ ယူတာတွေလည်း ရှိပါတယ်။ ၇၅ ရခိုင်နှုန်းလောက်တော့ လုပ်ဆောင်ထားတာ ရှိတယ်။ အဖွဲ့လိုက်ကတော့ အဆင်ပြေတဲ့နေ့မှာ ကွင်းဆင်း စုံစမ်းသွားမှာ ဖြစ်ပါတယ်။ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းသွားမှာ ဖြစ်တယ်။ အဲဒီအစည်းအဝေးကလည်း ဘယ်လောက်လုပ်မယ် ဆိုတာ လွှတ်တော်က အတည်မပြုသေးပါဘူး။ နောက်ပြီး အပြီးသတ် အစီရင်ခံစာ မပြီးသေးလို့ တချို့ကိစ္စတွေကို ပြောဖို့ခက်ပါတယ်”ဟု အဖွဲ့တစ်ဦးဖြစ်သူ မြောက်ဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်အတွင်း ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦးအထိ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် မကြာခင်ရက်ပိုင်းအတွင်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဇန်နဝါရီ ၃၀ ရက်က မြောက်ဦးမှ စစ်တွေသို့ ကားဖြင့် လာရောက်စဉ် လမ်းတွင် လုပ်ကြံခံခဲ့ရသည်။

မြောက်ဦးဖြစ်စဉ်တွင် စာပေဟောပြောပွဲ ကျင်းပရန် စီစဉ်ခဲ့ရာမှစတင်ပြီး ယင်းစာပေဟောပြောပွဲအား ဖျက်သိမ်းခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေသော လူစုလူဝေးက ရဲစခန်းရှေ့သို့ သွားရောက် တောင်းဆိုခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ သွားရောက်ရာမှ သေနတ်ပစ်ဖောက်မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရန်အတွက် ဇန်နဝါရီ ၂၉ ရက်တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်သည် ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ /၂၅ နှင့် ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂ ။ နည်းဥပဒေခွဲ (က)/ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံစမ်းရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆောင်ရွက်နေကြောင်း သိရသည်။သို့သော်လည်း ပြည်နယ်အစိုးရက စစ်ဆေးရေးဆိုသော စကားလုံးကို ကန့်ကွက်သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြောက်ဦးဖြစ်စဉ်ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း သိရသည်။

ထို့ပြင် မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများအနက် ရှစ်ဦးကို ဖမ်းဆီး တရားစွဲဆိုထားကြောင်း သိရသည်။

 

Most Read

Most Recent