၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လောလောဆယ် မဆုံးဖြတ်ရသေး

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လောလောဆယ် မဆုံးဖြတ်ရသေး
Published 10 May 2018

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ်အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လောလောဆယ် မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် ၁၃ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ် အားလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က  The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော်တို့ ထုံးစံအရတော့ လစ်လပ်တဲ့ နေရာတိုင်းမှာ ဝင်ပြိုင်ဖို့တော့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ကတော့ မူလက ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာအတိုင်းပဲ ကျင့်သုံးမှာပါ။ အကယ်၍ ၂၀၁၈ ရွေးကောက်ပွဲအတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက တစ်စုံတစ်ခု ဆုံးဖြတ်ရင်တော့ ထူးခြားအစီအစဉ်တွေ ရှိပါလိမ့်မယ်။ နဂိုမူအရဆိုရင်တာ့ သက်ဆိုင်ရာ ဒေသခံ အလုပ်အမှုဆောင်အဖွဲ့ကတင်ပြတဲ့ ပုဂ္ဂိုလ်ကို ဦးစားပေးရပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ဖို့ အရည်အချင်း ရှိ မရှိ၊ အကယ်၍ သူ့ကို လိုအပ်လို့ အုပ်ချုပ်ရေးဘက်ကို တာဝန်ပေးရင်လည်း အဲဒီတာဝန်များ ထမ်းဆောင်နိုင်မှု ရှိမရှိဆိုတဲ့ အရည်အချင်းပြည့်ဝမှုကိုလည်း တစ်ခါပြန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ နောက်အရည်အချင်းချင်းတူရင် လူငယ်၊ နောက် အရည်အချင်းချင်းတူရင် အမျိုးသမီး၊ အရည်အချင်းတူ ရင်တိုင်းရင်းသားကို ဦးစားပေးရမယ်ဆိုပြီး သတ်မှတ်ထားတာရှိပါတယ်” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကို မဆုံးဖြတ်ရသေးကြောင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ CEC ထိုင်ပြီး ဆုံးဖြတ်ပြီးမှပဲ သတင်းထုတ်ပြန်ပေးပါမယ်။ လောလောဆယ် ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့်လည်း တရားဝင်နိုင်ငံရေးပါတီအဖြစ် မကျသေးသည့်အတွက် လောလောဆယ်တွင် အသေးစိတ်ပြော၍ မရသေးကြောင်း ရှစ်လေးလုံးပြည်သူ့ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီဝင် ဦးရဲနိုင်အောင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော်တို့ အခုချိန်မှာတော့ အသေးစိတ် ပြောလို့မရသေးပါဘူး။ ကျွန်တော်တို့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မကျသေးတော့လေ။ ကျွန်တော်တို့မျှော်မှန်းထားတယ် ကြားဖြတ်အမီ တရားဝင်ဖြစ်ဖို့။ တရားဝင်ပါတီဖြစ်သွားရင်လည်း ကျွန်တော်တို့ပါတီရဲ့ စည်းရုံးရေး ဘယ်နေရာတွေမှာ အားကောင်းမလဲဆိုတာ ကြည့်မယ်။ ကြည့်ပြီးတော့မှ ဘယ်နေရာတွေမှာ ဝင်ပြိုင်မလဲပြောလို့ရမယ်။ အကယ်၍ တရားဝင်ပါတီအချိန်မီ ကျတယ်ဆိုရင်တော့ ဥပဒေအရကို မဖြစ်မနေ သုံးနေရာဝင်ပြိုင်ရမယ်ဆိုတာ ရှိတယ်။ ဝင်ပြိုင်မယ်” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသည်။

ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ်အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်း ဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ်အမှတ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ်အမှတ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်းမဲဆန္ဒနယ်အမှတ် (၁) နှင့် မန္တလေးတိုင်း ဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ၂၀၁၇ ဧပြီ ၁ ရက်တွင် လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုးနေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် သုံးနေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ခုနစ်နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် လေးနေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် တစ်နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ပြည်သူ့လွှတ်တော် တစ်နေရာနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ-ကယားပြည်နယ် (ANDP) က ပြည်နယ်လွှတ်တော်တစ်နေရာစီ အသီးသီးအနိုင်ရရှိခဲ့သည်။

Most Read

Most Recent