မိတ္တီလာ-သာစည်လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

မိတ္တီလာ-သာစည်လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
Published 10 May 2018

မိတ္ထီလာ-သာစည် လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်မိသဖြင့် အမျိုးသားတစ်ဦးနေရာတွင် သေဆုံးပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၈ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်သူဟိန်းသည် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာ-သာစည်ကားလမ်းမိုင်တိုင်အမှတ် (၁)၊ ချည်မျှင်နှင့် အထည်စက်ရုံအနီးတွင် မိတ္ထီလာမြို့၊ ရေချိုကျေးရွာနေ ချစ်ကောင်း အသက် (၂၅) နှစ် မောင်းနှင်ပြီး အမည်မသိ အမျိုးသားတစ်ဦး လိုက်ပါစီးနင်းလာသော ၃၁ယ/----နံပါတ်ပါ ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလက်ယာဘက်သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

သစ်ပင်ကိုဝင်ရောက်တိုက်ခဲ့မှုကြောင့် ဆိုင်ကယ်မောင်းနှင် စီးနင်းသူချစ်ကောင်းမှာ ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ အမျိုးသား (အမည်၊ နေရပ်လိပ်စာ၊ စိစစ်စုံစမ်းဆဲ)မှာ ဒဏ်ရာများ ရရှိပြီး မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) ဖြင့် တင်ပို့ကုသခဲ့ရကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ မြို့မရဲစခန်းမှ ယာဉ် (ပ) ၃၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent