“ငဘ” ရုပ်ရှင်ဇာတ်ကားအား ကိုရီးယားလွတ်လပ်ရေးနေ့ (၇၂) နှစ်မြောက် ရုပ်ရှင်ပွဲတော် အပါအဝင် ကိုရီးယားနိုင်ငံရှိ မြို့ကြီးအချို့၌ ပြသနိုင်ခဲ့ပြီး KBS ရုပ်သံလိုင်းတွင် ပြသနိုင်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့

“ငဘ” ရုပ်ရှင်ဇာတ်ကားအား ကိုရီးယားလွတ်လပ်ရေးနေ့ (၇၂) နှစ်မြောက် ရုပ်ရှင်ပွဲတော် အပါအဝင် ကိုရီးယားနိုင်ငံရှိ မြို့ကြီးအချို့၌ ပြသနိုင်ခဲ့ပြီး KBS ရုပ်သံလိုင်းတွင် ပြသနိုင်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့
Published 19 August 2017

KBS ရုပ်သံတွင် ပြသရန် သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားဖွင့်ပွဲ

“ငဘ” ရုပ်ရှင်ဇာတ်ကားအား ကိုရီးယားလွတ်လပ်ရေးနေ့ (၇၂) နှစ်မြောက် အထိမ်းအမှတ်ရုပ်ရှင်ပွဲတော် အပါအဝင် ကိုရီးယားနိုင်ငံရှိ မြို့ကြီးအချို့၌ ပြသနိုင်ခဲ့ပြီး KBS ရုပ်သံလိုင်းတွင်လည်း ပြသနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ (၇၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကိုရီးယားနိုင်ငံရှိ မြို့ကြီးအချို့၌ ကျင်းပခဲ့သော ရုပ်ရှင်ပွဲတော်များတွင် “ငဘ” ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ခြင်းဖြစ်ပြီး ယင်းဇာတ်ကား၏ ထုတ်လုပ်သူနှင့် ဇာတ်ကားတွင် ပါဝင်ထားသည့် သရုပ်ဆောင် အကယ်ဒမီကျော်သူတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ငဘဇာတ်ကား ပြသဖို့အတွက် ဖိတ်ကြားတာကြောင့် သွားရောက်ဖြစ်တာပါ။ ဇာတ်ကားပြသပြီးတဲ့အပြင် ဇာတ်ကားဖန်တီးမှုနဲ့ ပတ်သက်ပြီးတော့လည်း
ရှင်းလင်း ဆွေးနွေးမှုတွေ လုပ်ကြတယ်။ မြန်မာပရိသတ်တွေ အများကြီးက လာအားပေးကြသလို ကိုရီးယားတွေလည်း စိတ်ဝင်စား လာရောက် အားပေးကြပါတယ်။ ရုပ်ရှင်ပွဲတော် ကျင်းပတဲ့အဖွဲ့ကလည်း ဂုဏ်ပြုဆုတွေ ပေးအပ်သလို မြန်မာလူငယ်တွေကလည်း အကယ်ဒမီဆုအဖြစ် ပေးအပ်ခဲ့တာကြောင့် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ထူးခြားတာကတော့ ကိုရီးယားမှာ ရောက်ရှိနေစဉ် ကာလအတွင်း မီဒီယာတွေက လာရောက်တွေ့ဆုံ မေးမြန်းကြတဲ့အခါ ကျွန်တော်ဖြေကြားတာတွေနဲ့ ပတ်သက်ပြီး သူတို့ မီဒီယာတွေမှာ ပါလာတယ်။ ဒီအခါမှာ သူတို့ရဲ့ပရိသတ်တွေက ကျွန်တော်တို့ရဲ့ပရဟိတလုပ်ငန်း ဆောင်ရွက်ချက်တွေကို အံ့အားသင့်ပြီး ချီးကျူးကြတယ်။ သူတို့နိုင်ငံက အနုပညာရှင်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ အတုယူဖို့ တိုက်တွန်းကြတဲ့ စာတွေ comment ရေးသား ဖော်ပြကြပါတယ်။ လွတ်လပ်ရေးနေ့ ပိတ်ပွဲအခမ်းအနားမှာ ငဘဇာတ်ကားကို ပြသရာမှာလည်း မြန်မာမိသားစု ပရိသတ်တွေသာမက၊ ကိုရီးယားပရိသတ်တွေပါ လာရောက် အားပေးပြီး ငဘအပိုင်း ၂ ကိုလည်း စောင့်မျှော်နေမယ်လို့ ဆိုကြတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ငဘဇာတ်ကားကို KBS ရုပ်သံမှာ ပြသနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ဒီဇာတ်ကားရဲ့မူရင်းဝတ္ထု ရေးသားသူ ဆရာကြီး မောင်ထင် အပါအဝင် မြန်မာပရိသတ် အားလုံးကို ဂုဏ်ယူဝမ်းသာစေဖို့ မျှဝေပေးချင်ပါတယ်”ဟု အကယ်ဒမီ ဦးကျော်သူက ပြောကြားသည်။

“ငဘ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးထားပြီး သရုပ်ဆောင် အကယ်ဒမီကျော်သူ၊ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ နေမျိုးအောင်၊ ဇော်ဦး၊ မိုးယံဇွန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အေးမြတ်သူတို့ အဓိက ပါဝင်ထားကြောင်း သိရသည်။ အဆိုပါဇာတ်ကားကို သုခမိန် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
လင်းလင်းခိုင်

Most Read

Most Recent