တောင်ငူမြို့ ၁၉ ရပ်ကွက် ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

တောင်ငူမြို့ ၁၉ ရပ်ကွက် ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 10 May 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်နေ အိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ငူခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက “လေ့လာတွေ့ရှိချက်အရတော့ သူတို့ ဒီလျှပ်စစ်မီးပူကို သုံးပြီးထားခဲ့တာပေါ့၊ ထားခဲ့တဲ့အခါကျတော့ အောက်ကအငွေ့တွေနဲ့ အုံပြီးလောင်နေတယ်၊ ဒီအခန်းကို သူတို့ကလူမနေဘူးဆိုတဲ့ သဘောတွေ့ရှိရပါတယ်၊ ဘာလို့တုန်းဆိုတော့ ဒီပစ္စည်းကိုထားပြီး သူတို့က တံခါးပိတ်ခဲ့တာဖြစ်တဲ့အတွက် မီးလောင်တာကို ချက်ချင်းမသိနိုင်ပါဘူး၊ သို့သော် သူတို့သိတဲ့အချိန်သည် အဲဒီအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေအားလုံးလောင်ပြီး ပြတင်းပေါက်ကနေ မျက်နှာကျက်ကနေ လျှံထွက်တဲ့အခါကျမှ ပတ်ဝန်းကျင်က သိတဲ့အနေအထားပါ၊ ဒါကြောင့်မို့လို့ အပေါ်ထပ်တစ်ထပ်လုံးကို ပြန့်သွားရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၇ နာရီ ဝန်းကျင်ခန့်က တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ ဦးဉာဏ်စိုး၊ အသက် ၅၁ နှစ်(ဘ)ဦးကျော်ရင် ပိုင်သည့် ပြိုင်ကင်း ဂျုံကြိတ်ခေါက်ဆွဲဆိုင်နှင့်တွဲလျက် နေအိမ်အပေါ်ထပ်တွင် မီးပူတိုက်ပြီး မေ့ထားခဲ့ရာမှ မီးပူအပူလွန်ကဲမှုဖြစ်ပွားကာ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် တောင်ငူခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၇ ဦး၊ အရန် ၂၅ ဦးနှင်ရေသယ်ယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး စုစုပေါင်း ၁၁ စီးအပါအဝင်၊ မြို့နယ်ပရဟိတ ကူညီရေးအဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့ခံများမှ သွားရောက်ကူညီ၍ ငြှိမ်းသတ်ပေးခဲ့ကြရာ လောင်ကျွမ်းချိန် မိနစ်၂၀ ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီခွဲခန့်တွင် မီးညွန့်ကျိုးကျသည်အထိ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းနေအိမ်အား မီးငြှိမ်းသတ်ခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ခရိုင်မီးသတ်ဦးစီးက “ကျွန်တော်တို့တစ်နေ့ တာလုပ်ငန်းပေါ့ ၇ နာရီမှာ တပ်ဖွဲ့ဝင်တွေ အားလုံးတန်းစီမယ့်အချိန်နဲ့ ကွက်တိဖြစ်သွားတာပေါ့၊ ၇ နာရီလောက်က စလောင်တယ်၊ လောင်လောင်ချင်းဖုန်းသတင်းရတယ်၊ ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ကင်းဆိုတော့ ကျွန်တော်တို့ကြည့်လိုက်တော့ မီးခိုးလုံးတွေ ထောင်ထွက်နေတာတွေ့လိုက်တယ်၊ အရင်ဆုံး မီးသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်သုံးစီး ချက်ချင်းထွက်ပါတယ်၊ နောက်က တပ်ဖွဲ့ဝင် ၃၇ ဦးနဲ့ဝိုင်းဝန်းငြှိမ်းသတ်ပါတယ်၊ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတော့ မီးကတော်တော်လေးကို ဘေးထွက်နေတဲ့အနေအထားရှိတယ်၊ သို့သော်လည်း ကျွန်တော်တို့က သုံးနေရာ၊ နေရာယူပြီးတာနဲ့ အောက်ကနေဝင်ပြီးတော့ရအောင် ငြှိမ်းတာဖြစ်တဲ့အတွက် အုပ်မိတယ်ပေါ့၊ အုပ်မိတာဖြစ်တဲ့အတွက် ဘေးကိုကူးခြင်း မရှိပါဘူး၊ အိမ်ရဲ့အပေါ်ထပ် တစ်လုံးပဲ ကူးစက်လောင်ကျွမ်း ခံရပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၀ သိန်းလောက် ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် အလျား ၃၂ ပေ၊ အနံ ၄၀ ပေရှိသည့် သွပ်မိုးအုတ်နံရံကာ၊ နေအိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်း ဆုံးရှုံးမှုဖြစ်ပွားခဲ့သော်လည်း ဘေးပတ်ဝန်းကျင် ကပ်လျက်နေအိမ်များသို့ မီးကူးစက်ခြင်း မရှိဘဲ လူများအားလည်း ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင်ခန့် လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြိုင်ကင်းဂျုံကြိတ်ခေါက်ဆွဲနေအိမ်ပိုင်ရှင် ဦးဉာဏ်စိုးအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent