မိတ္ထီလာမြို့တွင်း လမ်းအသုံးပြုခကို မြို့အဝင်နေရာငါးခုတွင် ကောက်ခံနေပြီး လေလံငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော် ရရှိ

မိတ္ထီလာမြို့တွင်း လမ်းအသုံးပြုခကို မြို့အဝင်နေရာငါးခုတွင် ကောက်ခံနေပြီး လေလံငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော် ရရှိ
Published 10 May 2018

မိတ္ထီလာမြို့ဝင် မြို့တွင်းလမ်းအသုံးပြုခ ဘီးကောက်ကို ရန်ကုန် - မန္တလေးလမ်းပိုင်းလေလံတွင် ကျပ် ၅၆,၆၆၀,၀၀၀၊ ရန်ကုန်-သာစည်လမ်းပိုင်းလေလံတွင် ကျပ် ၁၅,၅၅၀,၀၀၀ ၊ မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းပိုင်း လေလံတွင် ကျပ် ၃၂,၀၅၀,၀၀၀၊ မလှိုင်-တောင်သာ-မြင်းခြံ လမ်းပိုင်းတွင် ကျပ် ၂၅,၆၆၀,၀၀၀၊ ရန်ကုန်-ပျော်ဘွယ်လမ်းပိုင်းတွင် ကျပ် ၃၀,၆၆၀,၀၀၀ ဖြင့် လေလံအောင်ခဲ့ပြီးကား၊ ဆိုင်ကယ်များကို မြို့ဝင်ဘီးကောက်ခွင့်ပြုခဲ့ရာမှ  ဆိုင်ကယ်အား ကောက်ခံခြင်းမပြုရန် ပြောကြားထားကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။

“ဘီးကောက်က ရှေးအစဉ်အဆက် ကောက်ခံခဲ့တာမှာ BOT နဲ့ တွဲကောက်ခဲ့တာ ဖြစ်တယ်။ ခုနောက်ပိုင်းကျတော့ BOT နဲ့ စည်ပင်ဘီးခွန် တွဲမကောက်ရဘူးဆိုတဲ့ ညွှန်ကြားချက်ထွက်လာတယ်။ အဲဒီလိုဆိုတော့ မန္တလေးတိုင်းဒေသကြီးမှာ ဧပြီ ၁ ရက်က စတင်ပြီး ကောက်ခံတာဖြစ်တဲ့အတွက် မိတ္ထီလာလည်း ဧပြီ ၁ ရက်မှာ ဘီးကောက် စတင်ခဲ့ရတယ်။ အဲဒီလိုကောက်ခံတဲ့အတွက် နည်းနည်းလေး အထင်အမြင်လွဲစရာ ဖြစ်သွားတယ်။ နှစ်နေရာဆိုတော့ နှစ်ခါပေးရတယ်လို့ စိတ်ထဲမှာထင်ယောင်ထင်မှား ဖြစ်သွားတယ်။ ခုလိုဆိုတော့ BOT  မှာဆောင်ရတဲ့ ငွေနည်းနည်းလျော့သွားမှာပါ။ အခုကောက်ခံတဲ့ အပိုင်းမှာ ကားကိုပဲ မြို့ဝင်ဘီးကောက်ခံတာပါ။ ဆိုင်ကယ်ကို မကောက်ခံဖို့ ပါတယ်။ မိတ္ထီလာမြို့လမ်းပိုင်းငါးနေရာမှာ ကောက်ခံခဲ့တယ်။ လေလံဈေးပြိုင်စနစ်နဲ့ ဘဏ္ဍာရေးကာလ ခြောက်လစာပေးထားတယ်။ ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ခြောက်လစာ လေလံပေးထားတယ်။ စာချုပ်ချုပ်ထဲက လေလံစည်းကမ်းကို ထည့်ချုပ်ထားတယ်။ စည်းကမ်းဖောက်ဖျက်ရင် ပထမအကြိမ်မှာ ဘယ်လိုအရေးယူမယ်။ ဒုတိယအကြိမ်မှာ ဘယ်လိုအရေးယူမယ်ဆိုတဲ့ အချက်တွေအားလုံး ထည့်ချုပ်ထားတယ်။ ဘီးကောက်ကောက်ခံမှုအပိုင်းမှာ ပိုကောက်တာ ဘာညာရှိလ့ို ပြည်သူကလာတိုင်တာ မရှိသေးပေမဲ့ စည်ပင်ကော်မတီဝင်က ဆင်းပြီး စစ်ဆေးတဲ့အခါမှာ မိတ္ထီလာက ဘီးကောက် ငါးခုအနက် သုံးခုက ပိုကောက်တာ ကိုတွေ့ရတဲ့အတွက် ရုံးမှာခေါ်ပြီး သတိပေး မှတ်တမ်းတင်ဖို့ ဆောင်ရွက်နေတယ်။ ဒီနောက်တစ်ဆင့်ဆိုရင် စာချုပ်ပါ စည်းကမ်းအတိုင်း ထပ်အရေးယူမယ်။ ဘီးကောက်ကရတဲ့ ငွေတွေအားလုံးကိုလည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးမှာပဲ ပြန်သုံးမှာပါ။ ပြည်သူတွေအနေနဲ့ မြို့ဝင်ဘီးကောက်ကို တစ်ခေါက်ချင်းပေးတာနဲ့ စာရင် စည်ပင်သာယာမှာ တစ်နှစ်လုံးအတွက် ဘီးခွန်လာဆောင်ထားရင် ငွေကုန်ပိုသက်သာမယ်” ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။

မိတ္ထီလာမြို့ဝင် ဘီးကောက်တွင် ငါးတန် အထက်ကားတစ်စီး ကျပ် ၅၀၀၊ သုံးတန် နှင့်ငါးတန်ကြားကားတစ်စီးကျပ် ၃၀၀၊ သုံး တန်နှင့် တစ်တန်ကြားကားတစ်စီးကျပ် ၂၀၀၊ တစ်တန်အောက် ကားတစ်စီး ကျပ် ၁၀၀ ၊ ဆိုင်ကယ်တစ်စီးကျပ်၅၀ ကျသင့်ပြီး မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံတွင် ဘီးခွန်လာရောက်ဆောင်ပါက တစ်နှစ်ဆိုင်ကယ် တစ်စီးကျပ် ၅၀၀၊ ၁၀ တန်နှင့်အထက် ကားတစ်စီးလျှင် တစ်နှစ် ကျပ် ၁၅၀၀၀ ကျသင့်ပြီး ၁၀တန်အောက်ကားတစ်စီးလျှင် တစ်နှစ် ကျပ် ၁၅၀၀၀ နှင့် ၁၅၀၀ ကြား ကျသင့်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

Most Read

Most Recent