<

ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် လက်သင့်သည့်သူကို သတင်းပေးပြီး လက်ဝါးကြီးအုပ်ထားခြင်းမျိုး မဖြစ်အောင် ကြိုးစားမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် လက်သင့်သည့်သူကို သတင်းအချက်အလက်ပေးပြီး လက်ဝါးကြီးအုပ်ထားခြင်းမျိုး မဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေ ၉ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းတွေ ရေးဆွဲဆောင်ရွက်တဲ့အခါ စီးပွားရေးတွက်ခြေကိုက် မှုရှိမရှိ လေ့လာရပါတယ်။ ဒါပေမဲ့ ဒီသတင်းကို ကျွန်တော်တို့မဖုံးဖိထားပါဘူး။ လက်သင့်တဲ့သူကို Information ပေးပြီး လက်ဝါးကြီး အုပ်ထားတာမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ကြိုးစားပါမယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

“ပြည်သူလူထုအတွက် ကျွန်တော်တို့ ထူထောင်တဲ့လုပ်ငန်းတွေ အိမ်ရာစီမံကိန်းတွေ၊ မြို့သစ်တွေ၊ စက်မှုဇုန်တွေမှာ သူတို့အခွင့်အရေးရသင့်ပါတယ်။ သူတို့ဆုံးဖြတ် ချက်ကိုသူတို့ လွတ်လပ်စွာချသင့်ပါတယ်။ ဒါပေမဲ့ သူတို့သိဖို့တော့လိုပါတယ်။ သူတို့ သိပြီးဆုံးဖြတ်တာ မှန်ပါတယ်။ မသိဘဲနဲ့ ရောင်းလိုက်ရတာမျိုး ကျွန်တော်တို့ တာဝန်ယူတဲ့ကာလမှာ မဖြစ်စေရပါဘူး။ ဒါကြောင့်မို့ ကြိုပြီးသတင်းပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သတင်းက ကြိုဖြစ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်က နောက်ကျနေတာမျိုးတွေလည်း ရှိတတ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ လွှတ်တော်တွင် သုံးကြိမ်တိတိဆွေးနွေးခဲ့သည့် Issue ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကိုစတင် အကောင်အထည်ဖော်မည်ဆိုသည့် အခြေအနေမှာ ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က အဆိုပြုခဲ့ခြင်းဖြစ်ကာ လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း၊ ယင်းအခြေအနေတွင် ဒေါက်တာဒေါ်ညိုညိုသင်းက မလုပ်သင့်ဟု အဆိုပြုခဲ့ရာ လွှတ်တော်တွင် အတည်ပြုခဲ့ပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

“ဒီအခြေအနေမှာ ဒေသခံပြည်သူလူ ထုရဲ့ဘ၀ဟာ အတော်ဆင်းရဲပါတယ်။ သူတို့ရဲ့ လယ်ယာမြေတွေရဲ့ ထုတ်ကုန်ကဏ္ဍကလည်း တအားနိမ့်ပါတယ်။ အဲဒီအတွက် သူတို့တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ပါတယ်။ အဲဒီဆန္ဒပြမှုတွေ အနေအထားအရ ကြည့်မြင်တိုင်လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ နောက်တစ်ကြိမ်ထပ်တင်ပါတယ်။ ထပ်တင်ပြီးတဲ့အခြေအနေကျမှ လွှတ်တော်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလွှတ်တော် အတည်ပြုခဲ့တယ်ဆိုတဲ့ အခြေအနေကနေ ပြီးတော့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရကို တင်ပြပြီးတော့မှ ဒီနေရာကို မြေသိမ်းအမိန့်ဆိုပြီး ထွက်ရပါတယ်။ မြေသိမ်းထွက်တဲ့အချိန်မှာ မြေသော်လည်းကောင်း၊ ငွေသော်လည်းကောင်း လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က လယ်သမားတွေရဲ့ဘ၀ကို ရှေးရှုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မြေသိမ်းအမိန့်ထုတ်သည်အထိ ပြီးခဲ့တဲ့အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခြင်းမှ ရရှိလာမည့်အကျိုးအမြတ်များအား ရန်ကုန်မြို့ဟောင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်များစွာကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

May 9, 2018














Copy Protected by Chetan's WP-Copyprotect.