ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ ပိုက်လုံးစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀၀ ကျော် လုပ်အားခခေါင်းပုံဖြတ်ခံရပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်နေရသည့်အတွက် အလုပ်ရပ်နားပြီး ဆန္ဒပြ

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ ပိုက်လုံးစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀၀ ကျော် လုပ်အားခခေါင်းပုံဖြတ်ခံရပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်နေရသည့်အတွက် အလုပ်ရပ်နားပြီး ဆန္ဒပြ
Published 10 May 2018

အလုပ်ရပ်နားပြီး ဆန္ဒထုတ်ဖော်နေသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- AAC)

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် ကဘင်ဘူရီ မြို့နယ်တွင်ရှိသည့် ပိုက်လုံးစက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀၀ ကျော်ကို လုပ်အားခခေါင်းပုံဖြတ်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုအလုပ်လုပ်ခိုင်း နေသည့်အတွက် အလုပ်သမားများမှ အလုပ်ရပ်နားပြီး သက်ဆိုင်ရာထိုင်းအစိုးရ အလုပ်သမားရုံးတွင် အလုပ်ရှင်အား တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပိုက်လုံးစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၀၀ ကျော်ကို နှစ်ရှည်လများ အလုပ်ရှင်မှ သတ်မှတ်လုပ်အားခကို မပေးသည့်အပြင် အချိန်ပိုခလည်း ရှင်းပေးခြင်းမရှိဘဲ သတ်မှတ်အလုပ်ချိန်ထက် သုံးနာရီခန့် ပိုခိုင်းစေသဖြင့် အလုပ်သမားများမှ ထိုင်းအစိုးရ အလုပ်သမားကူညီစောင့်ရှောက်ရေးရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“ပိုက်လုံးလုပ်ငန်းစက်ရုံက အလုပ်သမားတွေပေါ့။ အဲဒီကအလုပ်သမားတွေကို နှစ်ရှည်လများ  သတ်မှတ်လုပ်အားခလည်း မပေးဘူး။ အလုပ်ချိန်ကိုလည်း တစ်ရက်ကို သုံးနာရီလောက်ပိုဆင်းတယ်။ အချိန်ပိုခလည်း မပေးတဲ့အတွက် အလုပ်သမားတွေက မနေ့ကစပြီး အလုပ်ရပ်နားပြီး ဖြေရှင်းပေးဖို့အတွက် ထိုင်းအစိုးရအလုပ်သမား ကူညီစောင့်ရှောက်ရေးဌာနကို တိုင်ကြားတာပါ။ အခု ကျွန်တော်တို့ ရောက်နေပါပြီ။ သူဌေးကို ခေါ်ပြီးညှိနှိုင်းမှာပါ” ဟု ကိုရဲမင်းက မေ ၉ ရက်တွင် ပြောကြားသည်။

အဆိုပါပိုက်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို မနက် ၈ နာရီမှ ည ၈ နာရီ အထိအလုပ်လုပ်ခိုင်းပြီး လုပ်အားခအဖြစ် တစ်ရက်လျှင် ၃၀၈ ဘတ်သာပေးခြင်း၊ အစိုးရရုံးပိတ်ရက် နှစ်စဉ်မပေးခြင်း၊ နားရက်တွင် အချိန်ပိုဆင်းခိုင်းသော်လည်း နှစ်ဆမပေးခြင်း၊ လူမှုဖူလုံရေးစရိတ်ကို လုပ်အားခမှ ဖြတ်ထားသော်လည်း ဆေးကုသခွင့် မရရှိခြင်းစသည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် အလုပ်သမားများက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနက် အများစုမှာ လုပ်အားခ အပြည့်မရရှိခြင်း၊ သတ်မှတ်အချိန်ထက် အချိန်ပိုလုပ်ရသော်လည်း အချိန်ပိုကြေး ခံစားခွင့်မရရှိခြင်းစသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများ ရှိနေသည်။

ထိုင်းနိုင်ငံတွင် ဧပြီ ၁ ရက်မှစပြီး ၂၀၁၈ ခုနှစ် အနိမ့်ဆုံးလုပ်အားခ ဥပဒေသစ်အရ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အနိမ့်ဆုံး ၃၀၈ ဘတ်မှ အများဆုံး ၃၃၀ ဘတ်အထိ ရရှိကြမည်ဖြစ်ကြောင်း ထိုင်းအနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent