အနည်းဆုံးလုပ်အားခ ကျပ် ၄၈၀၀ ရရှိရေးအပါအဝင် အချက် ၁၀ ချက်ရရှိရန် လှိုင်သာယာ စက်မှုဇုန် (၁) ရှိ Unitedtex Oversea အထည်ချုပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

အနည်းဆုံးလုပ်အားခ ကျပ် ၄၈၀၀ ရရှိရေးအပါအဝင် အချက် ၁၀ ချက်ရရှိရန် လှိုင်သာယာ စက်မှုဇုန် (၁) ရှိ Unitedtex Oversea အထည်ချုပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
Published 10 May 2018

ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများကို မေ ၉ ရက်က အဆိုပါစက်ရုံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

အနည်းဆုံး လုပ်အားခတစ်ရက် ၄၈၀၀ ကျပ် ရရှိရေးအပါအဝင် အချက်၁၀ ချက်ရရှိရန် အလုပ်သမား ၆၀၀ကျော်သည် လှိုင်သာယာစက်မှုဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းအနီး ပန်းပဲခေါင်းမောင်ခက်လမ်းရှိ Unitedtex Oversea အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း မေ ၉ ရက်က စုံစမ်းသိရသည်။

ဧပြီလတွင် စက်ရုံတာဝန်ရှိသူများက အလုပ်သမားများအား တစ်ရက်ကျပ် ၄၈၀၀ ပေးမည်ဟုဆိုကာ ပြောဆိုခဲ့သော်လည်း လစာထုတ်ရာတွင်မရရှိသဖြင့် မေ ၇ ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

“၄၈၀၀ ကို လေးလပိုင်းတုန်းက ပေးမယ်ဆိုပြီး ပြောတယ်။ လေးလပိုင်း လစာထုတ်တော့မရဘူး။ အခု ငါးလပိုင်းမှာလည်းဘာမှ မပြောတဲ့အတွက် ကျွန်တော်တို့က ၄၈၀၀ လိုချင်တဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ စက်ရုံတာဝန်ရှိသူတွေကို သွားမေးတော့လည်း အစိုးရက ထုတ်ပြန်ပေးတာမရှိသေးရင် မပေးနိုင်သေးဘူးလို့ ပြောတယ်။ အဲဒါကြောင့် တစ်ရက် ၄၈၀၀ ရရှိဖို့နဲ့ အချက် ၁၀ ချက်ရရှိလိုတဲ့အတွက် ကျွန်တော်တို့က ဆန္ဒပြကြတာပါ” ဟု Unitedtex Oversea အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်လျက်ရှိသည့် Unitedtex Oversea အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုချက်များမှာ အခြေခံလစာ ကျပ် ၄၈၀၀ အား ငါးလပိုင်းလစာတွင် ခံစားခွင့်ပေးရန်နှင့် အချိန်ပိုကြေးများကို ယင်းလစာပေါ်မူတည်၍ ခံစားခွင့်ပေးရန်၊ ဝန်ထမ်းများကို ကျွမ်းကျင်မှုအလိုက် အေအဆင့် ၃၀၀၀၀၊ ဘီအဆင့် ၂၀၀၀၀၊ စီအဆင့် ၁၀၀၀၀ ခံစားခွင့်ပြုရန်၊ ရက်မှန်ကြေး ၂၀၀၀၀ ခံစားခွင့်ပြုရန်၊  အလုပ်ရှင်က ကုန်ထုတ်လုပ်မှု စံချိန်တောင်းရာတွင် ဝန်ထမ်းဟောင်း၊ ဝန်ထမ်းသစ်ပေါ်မူတည်၍ စံချိန်တောင်းဆိုရန်၊ ဖယ်ရီကြိုပို့ရာတွင် လူဦးရေနှင့်အညီ စီစဉ်ပေးရန်၊ စက်ရုံဘက်က အစည်းအဝေးပြောရာတွင် အလုပ်ချိန်အတွင်းသာပြောရန်၊ ဝန်ထမ်းများကို စူပါများက ကြမ်းတမ်းစွာ ပြောဆိုခြင်းမပြုရန်နှင့် ကိုယ်ထိလက်ရောက် မပြုလုပ်ရန်၊ ရက်မှန်ကြေး မဖြတ်တောက်ရန်၊ ဝန်ထမ်းသစ်ခန့်ရာတွင် အစမ်းခန့်သုံးလအတွင်း အနည်းဆုံးလုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းပေးရန်နှင့် အစမ်းခန့် ကာလကျော်လွန်ပါက လစာအပြည့်ခံစားခွင့်ပြုရန်၊ လက်ရှိစုပေါင်းတောင်းဆိုရာတွင် ပါဝင်သော ဝန်ထမ်းများကို တောင်းဆိုသောရက်များအတွက် လုပ်ခလစာမဖြတ်တောက်ရန်စသည့် အချက် ၁၀ ချက်ကို တောင်းဆိုထားကြောင်း သိရသည်။

တောင်းဆိုချက်၁၁ချက်နှင့် ပတ်သက်၍ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားများသည် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရာတွင် ကျွမ်းကျင်မှုအလိုက် အေအဆင့် ၃၀၀၀၀ ကျပ်၊ ဘီအဆင့်၂၀၀၀၀ ကျပ်၊ စီအဆင့် ၁၀၀၀၀ ကျပ်ခံစားခွင့်ပြုရန်ဆိုသည့် အချက်မှလွဲ၍ ကျန်အချက်များကို  စက်ရုံဘက်က လိုက်လျောပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားများဆက်လက် ညှိနှိုင်းလျက်ရှိကြောင်းသိရပြီး အဆိုပါစက်ရုံသည် ဂျာကင်များ၊ အမျိုးသမီးဝတ်ဂါဝန်များနှင့် စကတ်များ ချုပ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Most Read

Most Recent