တောင်ဒဂုံမြို့နယ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်က တစ်နေ့လုပ်ခ ၄၈၀၀ ရရှိရေး တောင်းဆို

တောင်ဒဂုံမြို့နယ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်က တစ်နေ့လုပ်ခ ၄၈၀၀ ရရှိရေး တောင်းဆို
Published 9 May 2018

တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက်ရှိ ကျောက်စိမ်း ဖိနပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်က တစ်နေ့လုပ်ခ ၄၈၀၀ ရရှိရေး အပါအဝင် အချက် (၉) ချက်တောင်းဆိုမှုကို မေ ၈ ရက် မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ စက်ရုံဝင်းအတွင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖိနပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်သည် တစ်နေ့လုပ်ခ ၄၈၀၀ ရရှိရေးအပါအဝင် အချက် (၉) ချက်ရရှိရေးအတွက် ယင်းနေ့ မွန်းလွဲတစ်နာရီခန့်မှ စတင်ကာ လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံဝင်းအတွင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

''ကျွန်မတို့ ပထမအချက်ကတော့ ၄၈၀၀ လိုချင်တယ်။ ဒါကို ကျွန်မတို့ ဆန္ဒပြတာ မဟုတ်ဘဲနဲ့ အသနားခံပြီး တောင်းဆိုတာပါ။ ၄၈၀၀ ရရင်တော့ အဆင်ပြေပါတယ်။ အခု ၄၈၀၀ မရရှိတော့ အဆင်မပြေဘူး။ လကုန်ရင် ဆန်တစ်အိတ်တောင် မဝယ်နိုင်ဘူး။ အဲ့ဒီအတွက် ၄၈၀၀ ရရှိရေးအတွက် ဆန္ဒပြတာ မဟုတ်ဘူး။ အသနားခံ တောင်းဆိုတာပါ'' ဟု ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သည့် မပိုပိုက ပြောကြားသည်။

အလုပ်သမားများ တောင်းဆိုနေသည့် အချက်(၉)ချက်မှာ ဥပဒေပါ အလုပ်သမား ခံစားခွင့်များပေးရန်၊ အလုပ်ဝင်ချိန်ထွက် တိကျစွာ ဖော်ပြပေးရန်၊ ကုန်ထုတ်မှုစံချိန်အား မတရား တောင်းဆိုခြင်း မပြုရန်၊ လူမှုဖူလုံကဒ်အား ဝန်ထမ်းအား ထုတ်ပေးရန်၊ အနည်းလစာ ၄၈၀၀ ကျပ်အား ဝန်ထမ်းအားလုံးအား ထုတ်ပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နိုင်ရန်၊ အလုပ်ချိန်အတွင်း၌သာ အစည်းအဝေးပြုလုပ်ရန်၊ နိုင်ငံခြားများမှ မြန်မာ့ဝန်ထမ်းများအား တိုက်ရိုက်ခိုင်းစေခြင်း မပြုရန်၊ နှစ်စဉ်ကျွမ်းကျင်ကြေးအား တစ်နှစ်လျှင် တစ်သောင်းကျပ် နှစ်စဉ်တိုးပေးရန်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်များကို မေ ၈ ရက် ည ၁၂ ကျော်အထိ အလုပ်သမားများနှင့် အလုပ်ရှင်တို့ကြား ညှိနှိုင်းမှုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်း ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်စိမ်း ဖိနပ်ထုတ်လုပ်ရေးစက်ရုံသည် တရုတ်လူမျိုး နိုင်ငံခြားသားပိုင် စက်ရုံဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

 

Most Read

Most Recent