<

ဆည်မြောင်းဌာန၏ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ရှေးဟောင်းအမွေအနှစ်များ တည်ရှိသည့် ဟင်္သာတခရိုင်၌ ပြတိုက်ထားရှိပြီး မှတ်တမ်းများထိန်းသိမ်းမှု စတင်

ဟင်္သာတခရိုင်၌ ပြတိုက်ထားရှိပြီး မှတ်တမ်းများထိန်းသိမ်းထားစဉ်

ဆည်မြောင်းဌာန၏ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ရှေးဟောင်းအမွေအနှစ်များ တည်ရှိသည့် ဟင်္သာတခရိုင်၌ ပြတိုက်ထားရှိပြီး မှတ်တမ်းများ ထိန်းသိမ်းမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဟင်္သာတ ဆည်မြောင်းရုံးဝန်း အတွင်းရှိ အဆိုပါ ပြတိုက်ကို စိတ်ပါဝင်စားသူများ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် နှစ်နှစ်ခွဲကြာ အချိန်ယူ တည်ဆောက်ခဲ့ပြီးနောက် မှတ်တမ်းများ စတင်ထားရှိနေပြီ ဖြစ်ကြောင်း ဦးစီးဆောင်ရွက်နေသည့် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။

“ကျွန်တော်တို့ ဟင်္သာတခရိုင်ကတော့ ရေကြီးပြီဆိုရင် အဓိက ရေဘေးဒုက္ခ ခံစားရတဲ့နေရာ ဖြစ်ပါတယ်။ အထက်ပိုင်းမှာ ရွာချသမျှ မိုးတွေက ဧရာဝတီတို့၊ ချင်းတွင်းတို့ မြစ်ကြီးတွေကနေ စီးဆင်းလာပြီးတော့ ဟင်္သာတခရိုင် အတွင်းမှာရှိတဲ့ မြို့တွေနဲ့ ဓနုဖြူ၊ ညောင်တုန်းလောက်အထိ ရေကြီးမှုဒဏ် ခံရပါတယ်။ ညောင်တုန်းအောက်ပိုင်း ရောက်ရင်တော့ ဧရာဝတီမြစ်က မြစ်ခွဲလေးတွေခွဲပြီး ပင်လယ်ထဲ စီးသွားတဲ့အတွက် ရေကြီးမှုဒဏ် သိပ်မခံစားရပါဘူး။ ဒီဘက်ပိုင်းမှာ ဟင်္သာတခရိုင် ကြံခင်းလောက်ကစပြီး ရေကြီးမှုဒဏ်ကို ကာကွယ်ဖို့ ရေဘေးကာကွယ်ရေးတာတွေ တည်ဆောက်ဖို့ လိုလာတဲ့အတွက် ၁၈၆၂ လောက်ကစပြီး အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက ကြံခင်းတာ၊ မြန်အောင်တာ၊ ဧရာဝတီ-ဟင်္သာတတာ၊ င၀န်တာ၊ ဧရာဝတီအရှေ့ဘက်ကမ်းတာ စသဖြင့် လိုအပ်ချက်အရ တာတွေကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီတာတွေနဲ့ ရေဘေးကာကွယ် ခဲ့တဲ့အတွက် တာတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ၊ ရေကြီးတဲ့မှတ်တမ်းတွေ၊ တာကျိုးပေါက်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ၊ စာအုပ်တွေ၊ တာတမံတွေ တည်ဆောက်ခဲ့တဲ့၊ ထိန်းသိမ်းခဲ့တဲ့  တာလုပ်သားတွေ ကိုင်တွယ်ခဲ့တဲ့ မီးအိမ်တွေကအစ၊ အင်ဂျင်နီယာသုံး ပစ္စည်းတွေ၊ အထွေထွေ လက်သုံးပစ္စည်းတွေ ဒီဟာတွေက အဆက်ဆက် လူကြီးတွေ ထိန်းသိမ်းခဲ့တာတွေ ရှိပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက ပြောကြားသည်။

ရွှေ့ပြောင်းနိုင်သည့် အဆိုပါ အမွေအနှစ်များအပြင် မရွှေ့ပြောင်းနိုင်သည့် ဆည်မြောင်းဆိုင်ရာ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများလည်း ဟင်္သာတ၌ တည်ရှိပြီး အဆိုပါ အဆောက်အအုံ များကိုလည်း မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

“မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဆိုတာကတော့ အရင်ဒီမှာ တည်ဆောက်ခဲ့တဲ့ ဗိုလ်တဲလိုဟာမျိုးပေါ့။ အရေးပိုင်အိမ်တို့၊ ၀န်ထောက်အိမ်တို့၊ နောက်ပြီးတော့ ရုံးပေါ့။ ဒါမျိုးတွေကတော့ ရှေးဟောင်း နှစ် ၁၀၀ ကျော်၊ နှစ် ၁၅၀ နီးပါးလောက်ရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ဖြစ်ပါတယ်။ ဒါကိုလည်း မူလလက်ရာမပျက်အောင် အမြဲတမ်း ပြုပြင်ထိန်းသိမ်းလျက် ရှိပါတယ်။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဆိုတာကတော့ အင်ဂျင်နီယာသုံး ပစ္စည်းတွေ၊ စာအုပ်တွေ၊ တာတမံမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဒီပစ္စည်းတွေကိုတော့ အကုန်လုံးစုစည်းပြီး ပြတိုက်မှာ တင်ပြထားပါတယ်။ နောက်ပြီးတော့ တာတမံ ထိန်းသိမ်းရေး လုပ်သားတွေရဲ့ လုပ်ငန်းဆောင်ရွက်နေပုံတွေ၊ တာတမံဖို့တဲ့ မှတ်တမ်းတို့၊ တာကျိုးပျက်ခဲ့တဲ့ မှတ်တမ်းတွေပါ ဓာတ်ပုံတွေရသလောက် စုစည်းပြီး အကုန်လုံးတော့ မရသေးပါဘူး။ ထပ်ပြီးတော့လည်း စုဆောင်းနေဆဲ ဖြစ်ပါတယ်။ နောင်လာနောင်သားတွေ၊ လူငယ်တွေ လေ့လာနိုင်အောင်၊ အတုယူနိုင်အောင် ရှေးတုန်းက ပစ္စည်းတွေကိုလည်း မြင်ဖူးအောင် စုစည်းတင်ပြခြင်း ဖြစ်ပါတယ်” ဟု ဦးသာယာက ဆက်လက်ပြောကြားသည်။

ဟင်္သာတ ဆည်မြောင်းရုံးဝန်း အတွင်းရှိ အဆိုပါပြတိုက်၌ နှစ်ပေါင်း ၁၅၀ ကြာ နှစ်အလိုက် ဟင်္သာတမြို့၏ ရေအမှတ်များ၊ ခေတ်အဆက်ဆက် ဆည်မြောင်းဥပဒေများ၊ နည်းပညာဆိုင်ရာ စာအုပ်များ၊ အင်ဂျင်နီယာသုံး ပစ္စည်းများ စသည့်ရှေးဟောင်း ပစ္စည်းများအပြင် ၁၉၈၅ ခုနှစ် မတိုင်မီကာလအထိ နွားလှည်းများဖြင့် မြေကြီးသယ် တာဖို့သည့် မှတ်တမ်းဓာတ်ပုံများ၊ ရေကာတာ ကျိုးပေါက်မှု မှတ်တမ်းဓာတ်ပုံများ၊ စက်အင်အားမပါဘဲ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုလည်း စုဆောင်းထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါပြတိုက်၌ ရှေးဟောင်းပစ္စည်းများ စုဆောင်းပြင်ဆင်လျက်ရှိပြီး စိတ်ပါဝင်စားသူများ ရုံးချိန်အတွင်း လာရောက်လေ့လာနိုင်ရန် မကြာမီဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

May 8, 2018














Copy Protected by Chetan's WP-Copyprotect.