စစ်၏အနိဋ္ဌာရုံကို ခါးစည်းခံနေရသူများမှာ ပြည်သူများသာဖြစ်သည့်အတွက်ကြောင့် စစ်ပွဲများ အမြန်ရပ်ဆိုင်းရန်လိုအပ်ကြောင်း JMC - U ဒုတိယဥက္ကဋ္ဌ (၁) KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း

စစ်၏အနိဋ္ဌာရုံကို ခါးစည်းခံနေရသူများမှာ ပြည်သူများသာဖြစ်သည့်အတွက်ကြောင့် စစ်ပွဲများ အမြန်ရပ်ဆိုင်းရန်လိုအပ်ကြောင်း JMC - U ဒုတိယဥက္ကဋ္ဌ (၁) KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း
Published 9 May 2018

JMC ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲ၌ အမှာစကားပြောကြားနေသည့် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးအား တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

စစ်၏ အနိဋ္ဌာရုံကို ခါးစည်းခံနေရသူများမှာ ပြည်သူများသာဖြစ်သည့်အတွက်ကြောင့် စစ်ပွဲများ အမြန်ရပ်ဆိုင်းရန်လို အပ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC -U ) ဒုတိယဥက္ကဋ္ဌ (၁)  ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်တွင် မေ ၈ ရက်ကစတင်ပြုလုပ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှ ကိုယ်စားလှယ်များပါဝင်သော JMC ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှုတ်ခွန်းဆက် အဖွင့်မှာစကားပြောကြားရာတွင် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“မြန်မာပြည်တွင်းစစ်ကြောင့် လူတွေ သေကျေပျက်စီးရသလို စစ်ရဲ့အနိဋ္ဌာရုံကို ခါးစည်းခံနေရသူများဟာ ပြည်သူလူထုများသာဖြစ်တဲ့ အတွက်ကြောင့် စစ်ပွဲတွေကို အမြန်ရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ စစ်ပွဲတွေ ရပ်ဆိုင်းပြီးမှ အားလုံးလက်နက်ကိုင်အဖွဲ့များ NCA မှတစ်ဆင့် JMC အတွင်း ပါဝင်နိုင်ဖို့နဲ့ JMC ရဲ့အကောင်အထည်ဖော်မှုများမှာ အားလုံးယုံကြည်စိတ်ချစွာ ပါဝင်လာနိုင်အောင် ဆက်လက်ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) တို့ ပစ်ခတ်မှုများဖြစ်ပွားနေသကဲ့သို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်ရှိ ပလက်ဝမြို့နယ်တွင်လည်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ထိတွေ့မှုများ ဖြစ်ပွားနေသည်။

ထို့အတူ ရှမ်းပြည်နယ်တွင် NCA မရေးထိုးရသေးသော တိုင်းရင်းသားလက်ကိုင်အဖွဲ့များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ လတ်လောတွင်တိုက်ပွဲများ ဖြစ်ပွားထားပြီး တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင်လည်း ရှမ်းပြည်နယ်၌ ရံဖန်ရံခါတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ထို့ပြင် JMC လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်လာသည့် နှစ်နှစ်ကျော်ကာလတွင်  လက်နက်ကိုင်ပဋိပက္ခများ လျော့ကျရပ်စဲရေးကို အကောင်အထည်ဖော်လာခဲ့ရာ၌ အောင်မြင်မှု ရှိ မရှိကို တိုင်းတာရာတွင် မြေပြင်၌ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များဖြင့် တိုင်းတာရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုရှိပါက ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အောင်မြင်မှုမရှိပါက အပြန်အလှန်သုံးသပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

“သုံးသပ်တဲ့နေရာမှာလည်း ပြဿနာအကြောင်း အငြင်းပွား၍ အချင်းချင်းအပြစ်ဖို့ခြင်းထက် ပြဿနာရဲ့အရင်းအမြစ်ကို ဖော်ထုတ်ပြီး အဖြေကို ညှိနှိုင်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ညှိနှိုင်းခြင်းသည် JMC ရဲ့အခြေခံမူတွင် အဓိကဖြစ်ပြီး လက်နက်ကိုင်ထိ တွေ့မှုကို ကာကွယ်ရန်နှင့်ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဘယ်လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်မှာမဆို ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဟာ အဓိကဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

ထိုကြောင့် လက်နက်ကိုင်နှစ်ဘက်အကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေမည့် အပြုအမူမျိုးကို လက်နက်ကိုင်နှစ်ဘက်စလုံးက တွန်းလှန်ရမည်ဖြစ်ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်တကွ JMC လုပ်ငန်းများ အကောင်အထည်ဖော်ရာမှာလည်း JMC ၏ အခြေခံမူတွင် ဖော်ပြချက်အတိုင်း ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာရှိမှုကိုလည်း အခြေခံရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“JMC လုပ်ငန်းအကောင်အထည်ဖော်မှု အောင်မြင်ရန်အတွက် အစုအဖွဲ့သုံးဖွဲ့စလုံးမှာ တာဝန်ရှိပါတယ်။ အကောင်အထည်ဖော်မှု အောင်မြင်ခြင်းသည် အစုအဖွဲ့သုံးခုလုံး၏ အောင်မြင်မှုဖြစ်သလို ဆုတ်ယုတ်ခြင်းသည်လည်း အစုအဖွဲ့သုံးခုလုံးရဲ့ ဆုတ်ယုတ်ခြင်းသာ ဖြစ်ပါတယ်။ JMC လုပ်ငန်း အကောင်အထည်ဖော်မှု ဆုတ်ယုတ်ခြင်းရဲ့ ရလဒ်မှာ နှစ်ဖက်တပ်ဗိုလ် ၊ တပ်မှူးများ ထိခိုက်ကျဆုံးခြင်းဖြစ်ပေါ်စေရုံမက အထူးသဖြင့် နယ်မြေခံလူထုများမှာလည်း စစ်ရှောင်ဒုက္ခသည်များအနေနဲ့ အတိဒုက္ခရောက်ရတယ်ဆိုတာ လက်တွေ့ဖြစ်စဉ်တွေကနေ ဖော်ပြနေပါတယ်။ ဒါကိုလည်း အထူးသတိမူရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းထားသည့် JMC တွင် ပြည်ထောင်စုအဆင့် (JMC- U) ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (JMC –S) နှင့် ဒေသအဆင့် (JMC- L) ဟူ၍ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အဆင့်ဆင့်တွင် အစိုးရကိုယ်စားလှယ်၊ တိုင်းရင်းသား လက်ကိုင်အဖွဲ့ကိုယ်စားလှယ်နှင့် နှစ်ဘက်လက်ခံသော အရပ်သားကိုယ်စားလှယ်များ ပါဝင်သည်။

Most Read

Most Recent