နိုင်ငံတစ်နိုင်ငံ၏ ရငွေ၊ ဝင်ငွေများကို စီမံကိန်းများ၌ အသုံးပြုရာတွင် တိုင်းပြည်နှင့်ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ မရှိနှင့် စီမံကိန်းနှင့်ဘတ်ဂျက် သဟဇာတဖြစ်မဖြစ် စိစစ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြောကြား

နိုင်ငံတစ်နိုင်ငံ၏ ရငွေ၊ ဝင်ငွေများကို စီမံကိန်းများ၌ အသုံးပြုရာတွင် တိုင်းပြည်နှင့်ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ မရှိနှင့် စီမံကိန်းနှင့်ဘတ်ဂျက် သဟဇာတဖြစ်မဖြစ် စိစစ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြောကြား
Published 9 May 2018

နိုင်ငံတစ်နိုင်ငံ၏ ရငွေ၊ ဝင်ငွေများကို စီမံကိန်းများတွင် အသုံးပြုရာ၌ တိုင်းပြည်နှင့် ပြည်သူများအတွက် အမှန်တကယ်အကျိုး ရှိ၊ မရှိနှင့် စီမံကိန်းနှင့် ဘတ်ဂျက်သဟဇာတ ဖြစ်၊ မဖြစ် စိစစ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်း မေ ၇ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၊ တိုင်ဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ပြည်သူ့ငွေစာရင်းကော်မတီများအကြား ဘတ်ဂျက်စိစစ်ခြင်း အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် စိန်ခေါ်မှုများ အဖြေရှာခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ဦးအေးသာအောင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘတ်ဂျက်နှင့်ပတ်သက်၍ လေ့လာစိစစ်ရာတွင် တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ရငွေ၊ ဝင်ငွေများကို မည်သည့်စီမံကိန်းများတွင် အသုံးပြုရာ၌ တိုင်းပြည်အတွက်၊ ပြည်သူများအတွက် အမှန်တကယ်အကျိုး ရှိ၊ မရှိ စိစစ်ပေးရန်လိုကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုမည့်စီမံကိန်း ဟုတ်၊ မဟုတ်၊ စီမံကိန်းနှင့် ဘတ်ဂျက်သဟဇာတ ဖြစ်၊ မဖြစ် စိစစ်ပေးရန်လိုကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ထို့ပြင် ဦးအေးသာအောင်က နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘ၀ မြင့်မားတိုးတက်ရန်အတွက် တိုင်းပြည်၏ ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲရန်နှင့် စီမံကိန်းများဆောင်ရွက်ရာတွင် အကျိုးရှိရှိ သုံးစွဲရန် အရေးကြီးကြောင်း၊ လွှတ်တော်များရှိ ပြည်သူ့ငွေစာရင်းကော်မတီများအနေဖြင့် တိုင်းပြည်၏ စီမံကိန်း၊ ဘတ်ဂျက်၊ ပြည်သူ့ဘဏ္ဍာငွေများကို အစိုးရက အမှန်တကယ် စနစ်တကျ သုံးစွဲနိုင်ရေးအတွက် စိစစ်ရန် အရေးကြီးကြောင်းလည်း ထည့်သွင်းပြောကြားသည်။

“ဒီဟာက နဂိုတည်းကလည်း ဒီလုပ်ငန်းတွေ လုပ်နေတာပါပဲ။ အကျိုးရှိတဲ့စီမံကိန်းတွေဖြစ်ဖို့၊ ဘတ်ဂျက်တွေကို အကျိုးရှိရှိလုပ်ဖို့ ဆိုတာက PAC ရဲ့ မူလရည်ရွယ်ချက်ကိုက ဒီအတိုင်းပဲ လုပ်ခဲ့တာပါပဲ။ ပိုမိုထိထိရောက်ရောက် လုပ်လာနိုင်အောင် ကြိုးစားတာပဲရှိတယ်။ အစကတည်းကတော့ ဒီရည်ရွယ်ချက်နဲ့ လုပ်နေတာပဲ။ သို့သော် စိစစ်နေတာမှာ တစ်နှစ်ထက်တစ်နှစ်ပို စိစစ်လာတယ်။ ဝန်ထမ်းတွေပိုင်းကလည်း ပံ့ပိုးမှုကောင်းလာတယ်။ ဌာနတွေကလည်း စိစစ်ခံလာတဲ့အခါကျတော့ ယခင်ကထက်စာရင် နည်းနည်းပိုပြီး ထိရောက်လာတယ်။ ဒါပေမဲ့ အထိရောက်ဆုံးတော့ မဟုတ်သေးဘူး။ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်နေတယ်။ ဘတ်ဂျက်ကို စစ်တယ်ဆိုတာက ဒီလုပ်ငန်းသည် နံပါတ်တစ်နိုင်ငံအတွက် တကယ်လိုအပ်တဲ့ လုပ်ငန်းဟုတ်သလား။ နံပါတ်နှစ်က တင်ပြလာတဲ့အသုံးစရိတ် သင့်တင့်မျှတတဲ့ အသုံးစရိတ်ဟုတ်သလား၊ နောက်တစ်ခုက တင်ပြလာတဲ့ကာလအတွင်းမှာ တကယ်ပြီးနိုင်မလား သုံးချက်လောက်ကိုပဲ အဓိကထားပြီး စစ်တာပါ” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုအဆင့်အဖွဲ့များမှ သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက် ကျပ်သန်းပေါင်း ၁၀,၆၇၇,၆၉၈ ဒသမ ၁၇၄ တောင်းခံထားသည့်အနက် ကျပ်သန်းပေါင်း ၁၃၀,၁၀၄ ဒသမ ၁၃၂ အား စိစစ်လျော့ချကာ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၈ ခုနှစ်ဧပြီမှ စက်တင်ဘာအထိ တောင်းခံငွေများတွင် လွှတ်တော်ပူးပေါင်း စိစစ်ရေးအဖွဲ့များမှ စိစစ်ဖြတ်တောက်ခြင်းမရှိခဲ့သည့် ဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်ဖွဲ့စည်းပဲုအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြန်ကြားရေး (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး (နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ) ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ) မိမိဘဏ္ဍာရန်ပုံ ငွေ၊ လျှပ်စစ်နှင့် စွမ်းအင် (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ) ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပ ရန်ကုန်နှင့် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းများမှ တောင်းခံထားမှုများအား ဖြတ်တောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent