ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် အဆောက်အအုံ ဆောက်လုပ်ရာတွင် အောက်ခြေကွန်ကရစ် တိုင်များမှာ သတ်မှတ်ပုံစံနှင့် လွဲချော်နေမှုကို မြေပြင်မှစ၍ မပြုပြင်ဘဲ သံချောင်းများကိုဖြတ်၍ နေရာလွှဲကာ ပြောင်းရွှေ့တည်ဆောက်ခဲ့ဟု သိရ

ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် အဆောက်အအုံ ဆောက်လုပ်ရာတွင် အောက်ခြေကွန်ကရစ် တိုင်များမှာ သတ်မှတ်ပုံစံနှင့် လွဲချော်နေမှုကို မြေပြင်မှစ၍ မပြုပြင်ဘဲ သံချောင်းများကိုဖြတ်၍ နေရာလွှဲကာ ပြောင်းရွှေ့တည်ဆောက်ခဲ့ဟု သိရ
Published 9 May 2018

ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီးရှိ တည်ဆောက်ဆဲ သုံးထပ်ဆောင် အဆာက်အအုံကို တွေ့ရစဉ်

ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင် အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေညီထပ်ရှိ ကွန်ကရစ်ထောက်တိုင် လေးတိုင်နှင့် ပထမထပ်ရှိ ကွန်ကရစ်ထောက်တိုင် နှစ်တိုင်မှာ သတ်မှတ်ပုံစံနှင့် လွဲချော်နေမှုကို စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့သော်လည်း ကုမ္ပဏီက မြေပြင်မှ စတင်ကာ မပြုပြင်ဘဲ ကွန်ကရစ်တိုင်များအတွင်း ထည့်သွင်းရန် လုပ်ဆောင်ထားသည့် သံချောင်းများကိုသာ နေရာရွှေ့ကာ အောက်ခံကွန်ကရစ်ပြားပေါ်တွင် သံချောင်းများကို အပေါ်ယံ ထည့်သွင်း၍ တည်ဆောက်ခဲ့ကြောင်း တည်ဆောက်စဉ်က လုပ်ငန်းလုပ်ဆောင် ပေးခဲ့ရသည့် လုပ်သားများထံမှ သတင်းရရှိသည်။

တော်ဝင်အောင်မြေကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် ခုတင် ၁၀၀ ဆံ့ တိုးချဲ့သုံးထပ်ဆောင် အဆောက်အအုံ ဆောက်လုပ်မှုမှာ တည်ဆောက်နေစဉ်အတွင်း အဆောက်အအုံအတွင်းရှိ ကွန်ကရစ်ထောက်တိုင်များ တည်ဆောက်ထားမှုမှာ နေရာလွဲနေခြင်း၊ စောင်းနေခြင်းများကြောင့် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင် စေခဲ့ကြောင်း၊ ယင်းသို့ ပြင်ဆင်ရာတွင် ကွန်ကရစ် ထောက်တိုင်များအတွင်း ထည့်သွင်းရမည့် သံချောင်းများအား အောက်ခြေကွန်ကရစ် ဖောင်ဒေးရှင်းမှ စတင်ကာ ပြန်လည်ထူမတ်ရမည်ကို မလုပ်ဆောင်ဘဲ မူလလုပ်ဆောင်ထားသည့် သံချောင်းများကိုဖြတ်ကာ နေရာရွှေ့၍ အောက်ခံကွန်ကရစ်ပြားပေါ်တွင် အပေါက်ငယ်များ ဖောက်၍သာ ကွန်ကရစ် ထောက်တိုင်များကို နေရာပြောင်းရွှေ့ လုပ်ဆောင်စေခဲ့ကြောင်း၊ မူလဖောင်ဒေးရှင်းမှ တွဲဆက်ထားသည့် သံချောင်းများကိုမူ လာရောက်စစ်ဆေးသည့် အဖွဲ့များ မတွေ့ရှိစေရန်အတွက် ဘိလပ်မြေများဖြင့် ဖုံးထားခဲ့ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သည့် ကွန်ကရစ် ထောက်တိုင်များမှာ မြေညီထပ်တွင် လေးတိုင်၊ ပထမထပ်တွင် နှစ်တိုင်ရှိကြောင်း တည်ဆောက်နေစဉ်က လုပ်ဆောင်ပေးခဲ့ရသည့် လုပ်သားအဖွဲ့များက ပြောကြားသည်။

“စစ်ဆေးရေးအဖွဲ့ ခေါ်တဲ့အချိန်မှာ ကျွန်တော်တို့ မရှိဘူး၊ သူတို့ဟာသူတို့ခေါ်တယ်။ သူတို့ဟာသူတို့ အပ်တာ၊ ဒီစစ်ဆေးရေးအဖွဲ့ကို ကျွန်တော်တို့မှာ ဘာမှပြောပိုင်ခွင့်လည်း မရှိဘူး။ ကျွန်တော်တို့ဟာ သူတို့ရဲ့ လုပ်သားတွေ ဖြစ်တဲ့အတွက် သူတို့ခိုင်းတာကိုပဲ လုပ်ရတာ။ ကျွန်တော်တို့က သူတို့လိုချင်တာကို ဖြစ်အောင် လိုက်လုပ်ပေးရတယ်။ ကျန်တဲ့ကိစ္စ သူတို့ဘာသာရှင်းတာ၊ အဲဒီနေ့က စစ်ဆေးရေးအဖွဲ့ လာလည်းစစ်ရော အလုပ်ရပ်တယ်ဆိုတော့ ကျွန်တော်တို့ တစ်မနက်ပိုင်း ရပ်ပေးလိုက်တယ်။ ညနေပိုင်းလည်းကျရော ပြန်လုပ်မယ်ပြောတော့ ပြန်အလုပ်ဆင်းတယ်။ ညဘက်လည်းကျရော အဲဒီလက်ရှိတိုင်တွေက ထောင်ပြီးသားတိုင်တွေ အကုန်လုံးက ဒီတိုင်တွေ ဒီတိုင်တွေကို ငါ့ကိုပြန်လှဲပေး၊ ဒီပုံစံ လုပ်ပေးပါဆိုပြီး တစ်ညလုံး ကုမ္ပဏီမှာ တာဝန်ခံ အင်ဂျင်နီယာ အကြီးပေါ့၊ ဦးကိုကိုလတ်က သူကိုယ်တိုင် ထိုင်စောင့်ပြီး ခိုင်းသွားတာ။ မြေညီထပ်မှာ C4 လေးတိုင် ပထမထပ်မှာ နှစ်တိုင်၊ တိုင်တွေမှာက ကွန်ကရစ်လောင်းဖို့ သံဖရိန်ခွေပြီး အောက်ခြေ ကျောက်ထုတ်ကနေ ထုတ်ထားတာ။ သံချောင်း ခြောက်ချောင်းရှိတယ်။ အဲဒီမှာ သံချောင်း ငါးချောင်းကို ဖြတ်ပြီးတော့ တစ်ချောင်းပဲ ချန်ပြီးတော့ နေရာရွှေ့ပြီးတော့ ပြန်ထောင်ခိုင်းတယ်။ သံချောင်းတွေကို အောက်ခြေဘက် အပေါက်ဖောက်ပြီးတော့ ပြန်ထည့်ထောင်ခိုင်းတယ်။ တိုင်တစ်တိုင်ဆို လုံးဝအကုန်ဖြတ်ပြီးတော့ နေရာရွှေ့လိုက်တာ အောက်ခြေကို ဖောက်ပြီးတော့ စိုက်တာကလည်း အနက်ဆုံးမှ သုံးလက်မလောက်ပဲရှိတယ်။ ပထမထပ်မှာလည်း C3 နှစ်တိုင် ဖြတ်ထားတဲ့ သံချောင်းတွေကို မြင်မှာစိုးလို့ ဘိလပ်မြေနဲ့ ပြန်ဖုံးထားတယ်။ ဒါက ကျွန်တော်တို့ လုပ်သက် အတွေ့အကြုံအရဆို အောက်ခြေကို ထုခွဲပြီးတော့ အောက်ကနေ ကျောက်ပြန်လောင်းပြီးမှ ပြန်ထောင်ရတာ” ဟု လုပ်ငန်းလုပ်ဆောင်ပေးခဲ့ရသည့် သံချည်သံကွေးလုပ်သား ကိုမျိုးနိုင်က ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ငန်းခွင်အတွင်း တာဝန်ယူ လုပ်ဆောင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူအား တွေ့ဆုံမေးမြန်းရာတွင် “လုပ်လား၊ မလုပ်လားကတော့ ကျွန်တော် မသိဘူး။ မြင်လည်း မမြင်ခဲ့ဘူး။ လုပ်လား၊ မလုပ်လားဆိုတာ တာဝန်ခံ အင်ဂျင်နီယာနဲ့ အဲဒီကန်ထရိုက်က သိပါလိမ့်မယ်။ တကယ်လို့ လုပ်ခဲ့လို့ရှိရင်လည်း မှားတယ်ပေါ့ဗျာ။ ပြောချင်တာက တစ်ခု၊ တကယ်လို့ ခိုင်းတယ် လုပ်တယ်ဆိုရင် သူခိုင်းတိုင်း ဖြတ်ရမှာလား၊ ခိုင်းတဲ့သူရော လုပ်တဲ့သူရော တာဝန်ရှိတာပဲ” ဟု ယာယီဆိုက်တာဝန်ခံ အင်ဂျင်နီယာ ကိုသက်ဇော်ဦး ပြောကြားသည်။

ဆေးရုံတိုးချဲ့ဆောင် တည်ဆောက်ရေးအား သွားရောက် စစ်ဆေးခဲ့သည့်အဖွဲ့မှ မြို့နယ် လမ်းဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ဦးစိန်သန်းကလည်း “မြို့နယ်သုံးထပ်ဆောင် ဆေးရုံမှာ တည်ကော်အဖွဲ့အနေနဲ့ မြို့နယ်လမ်းဦးစီးက အတွင်းရေးမှူးအဖြစ် ပါဝင်တယ်။ ပထမထပ်မှာ ကော်လံအလိုင်းမန့်လေးတွေ လွဲနေတာရှိတယ်။ ဒါကိုတိုင်းကနေပြီးတော့ တည်ကော်အဖွဲ့ ကနေပြီးတော့ ဒါကိုဘယ်လို ဖြောင့်မတ်ရင်ရမလဲ ဆိုတော့ နည်းပညာပေးခဲ့တယ်။ နည်းပညာပေးခဲ့တာကို ကုမ္ပဏီကလုပ်ပြီးပြီ ဆိုတာကို ကျွန်တော်တို့က ဆင်းစစ်တာ၊ သံချောင်းနေရာတွေ အလိုင်းမန့် လွဲတာကို ပြန်ဖြောင့်အောင် ပြန်စိုက်ခိုင်းတယ်။ အားကူသံချောင်းတွေ ဖြည့်တင်းပေးပြီး ပြန်တည့်မတ်ပေးဖို့ လုပ်ခိုင်းခဲ့တာ” ဟု ပြောကြားသည်။

ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီမှ လုပ်ဆောင်ခိုင်းခဲ့သည်ဟု ဆိုသောကြောင့် ကုမ္ပဏီ တာဝန်ရှိသူများအား ဆိုက်တာဝန်ခံ အင်ဂျင်နီယာ ကိုသက်ဇော်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်းကဲ့သို့တိုင်များ နေရာပြောင်းရွှေ့ခဲ့သည် ဆိုသည့် ဖြစ်စဉ်အား ကုမ္ပဏီမှ မသိရှိကြောင်း တာဝန်ခံ အင်ဂျင်နီယာနှင့် ဆက်သွယ်မေးမြန်း၍ ကုမ္ပဏီ အစည်းအဝေးထိုင်ကာ ပြန်လည်ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ကုမ္ပဏီဘက်မှ ပြန်လည် ဖြေကြားချက် ရရှိပါက The Daily Eleven သတင်းစာတွင် ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်သည်။

Most Read

Most Recent