ထိုင်းနိုင်ငံရှိ ပင်လယ်စာ ထုတ်လုပ်ရောင်းချသည့်စက်ရုံ ပိတ်လိုက်သည့်အတွက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇၀ ကျော် အလုပ်လက်မဲ့ဖြစ်

ထိုင်းနိုင်ငံရှိ ပင်လယ်စာ ထုတ်လုပ်ရောင်းချသည့်စက်ရုံ ပိတ်လိုက်သည့်အတွက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇၀ ကျော် အလုပ်လက်မဲ့ဖြစ်
Published 9 May 2018

စက်ရုံဒေဝါလီခံလိုက်၍ အလုပ်လက်မဲ့ ဖြစ်သွားသော မြန်မာလုပ်သားများကို တွေ့ရစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့နယ်ရှိ  ပင်လယ်စာ ထုတ်လုပ်ရောင်းချသည့် စက်ရုံလုပ်ငန်း အရှုံးပေါ်နေ၍ ဒေဝါလီခံ စက်ရုံပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၇၀ ကျော်မှာ အလုပ်လက်မဲ့ ဖြစ်ကာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်နားလိုက်ရသည့် အတွက် ယင်းစက်ရုံ၌ ဝင်ရောက် လုပ်ကိုင်နေသည့် အလုပ်သမား ၁၇၃ ဦးမှာ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်လျက် ရှိသည်ဟု ဆိုသည်။

အဆိုပါစက်ရုံ၌ အလုပ်လုပ်ကိုင်နေသူများမှာ MoU လုပ်သားအဖြစ် လာရောက်လုပ်ကိုင်သူ၊ CI စာအုပ်ဖြင့် လုပ်ကိုင်သူနှင့် Passport စာအုပ်ဖြင့် တရားဝင် လုပ်ကိုင်နေသူများဖြစ်သည်။ MoU လုပ်သားများ အလုပ်ပြန်လည်ရရှိရေးအတွက် ပို့ဆောင်ပေးသည့် အေဂျင်စီမှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ဆိုသော်လည်း အခြားအလုပ်သမားများ အခက်ကြုံလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ အဆိုပါ အလုပ်သမားများအရေးကို အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးခြင်းများကို မေ ၇ ရက်က ဆောင်ရွက်ခဲ့သည်။

“စက်ရုံက အရှုံးပေါ်နေတာကြာပြီ။ တတ်နိုင်သလောက် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်လာအောင် ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အတွက် မေ ၃ ရက်က အလုပ်သမားတွေကို ဖွင့်ပြောပြီး စက်ရုံကို ရပ်နားလိုက်ရတယ်လို့ စက်ရုံတာဝန်ခံက ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကိုစောမောင်က ပြောကြားသည်။

အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးနှင့် နယ်မြေခံ အလုပ်သမား အလုပ်အကိုင် ရှာဖွေရေးဌာန၊ လူမှုဖုံလုံရေးဌာနတို့ ညှိနှိုင်းကာ အလုပ်ရပ်နားလိုက်ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား အခြားစက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိနိုင်အောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent