<

စန္ဒာမုနိဘုရားရှိ ဓမ္မစေတီ ၇၅၈ ဆူကို ထုံးသင်္ကန်းကပ်လှူခြင်းနှင့် ထီးတော်ကပ်လှူခြင်းများ ပြုလုပ်

မန္တလေးမြို့ ၆၆ လမ်း x ၁၂ လမ်းထောင့်၊ ကုသိုလ်တော်ဘုရားအနီးရှိ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားရှိ ဓမ္မစေတီ ၇၅၈ ဆူကို ထုံးသင်္ကန်း ကပ်လှူခြင်းနှင့် ထီးတော်ကပ်လှူခြင်းများ ပြုလုပ်လျက်ရှိသည်။

“စန္ဒာမုနိဘုရားကို ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ပြီးပါပြီ။ အခု လတ်တလောကတော့ ဘုရားမှာရှိတဲ့ ဓမ္မစေတီ ၇၀၀ ကျော်ကို ထီးတော်ကပ်လှူခြင်းနဲ့ ထုံးသင်္ကန်း ကပ်လှူဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ အခုဆိုရင် အလှူရှင်က ၂၀၀ ကျော်လောက်ရနေပါပြီ။ အများပြည်သူအားလုံး တတ်နိုင်တဲ့နှုန်းထား ဖြစ်အောင် ကုသိုလ်ပါဝင်အောင် ဓမ္မစေတီ ထီးတော်အတွက် တစ်သိန်း၊ ထုံးသင်္ကန်းအတွက် ကျပ်တစ်သောင်း၊ ကမ္ပည်းအတွက် ကျပ်တစ်သောင်း  စုစုပေါင်း တစ်သိန်းနှစ်သောင်းနှုန်းနဲ့ လက်ခံပေးနေပါတယ်။ ဘုရားပွဲက သီတင်းကျွတ် လထဲမှာဆိုတော့ ဘုရားပွဲတော်မတိုင်မီ အပြီးသတ် ဆောင်ရွက်သွားမှာပါ။ စုပေါင်းရေစက်ချပွဲနဲ့အတူ ဆက်ကပ်လှူဒါန်းသွားမှာပါ” ဟု ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရား ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရားတွင် ဓမ္မစေတီ ၇၅၈ ဆူရှိပြီး စေတီတော်များမှာ ပျက်စီးယိုယွင်းမှုများ၊ ဟောင်းနွမ်းမှုများရှိနေသည့်အတွက် ထုံးသင်္ကန်း ကပ်လှူခြင်းနှင့် ထီးတော်ကပ်လှူခြင်း အတွက် အလှူခံလျက်ရှိကြောင်း၊ အလှူရှင်များမှ လှူဒါန်းမှုကြောင့် ယခုအခါ ထုံးသင်္ကန်း ကပ်လှူခြင်းနှင့် ထီးတော်ကပ်လှူခြင်းများကို အလှူရှင်များကိုယ်တိုင် လာရောက်ဆက်ကပ် လှူဒါန်းလျက်ရှိကြောင်း၊ စေတီတစ်ဆူလျှင် ထီးတော်အတွက် ကျပ်တစ်သိန်း၊ ထုံးသင်္ကန်း အတွက် ကျပ်တစ်သောင်း၊ ကမ္ပည်း စာအတွက် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ် ၁၂၀၀၀၀ နှုန်းဖြင့် အလှူခံလျက်ရှိကြောင်း၊ ယခုအခါ အလှူရှင် ၂၀၀ ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း၊ သီတင်းကျွတ်လအတွင်း ကျင်းပမည့် ဘုရားပွဲတော်မတိုင်မီ အလှူရှင်များက စုပေါင်းရေစက်ချ လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ စန္ဒာမုနိဘုရားကို ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းက ဒုတိယအကြိမ် မြောက်ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း၊ ၁၂၂၉ ခုနှစ်က မင်းတုန်းမင်းဘုရားကြီး တည်ထားကိုးကွယ်ခဲ့သည့် အချိန်မှစ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း၊ ရသေ့ကြီး ဦးခန္တီက ကျောက်စာချပ်ရေ ၂၇၇၄ ချပ်ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

May 8, 2018














Copy Protected by Chetan's WP-Copyprotect.