မြေထောက်ပဲကို တရုတ်နှင့်အိန္ဒိယ အပြိုင်ဝယ်ယူနေသောကြောင့် မန္တလေး ပဲဈေးကွက်တွင် ဈေးနှုန်းမြင့်တက်နေ

မြေထောက်ပဲကို တရုတ်နှင့်အိန္ဒိယ အပြိုင်ဝယ်ယူနေသောကြောင့် မန္တလေး ပဲဈေးကွက်တွင် ဈေးနှုန်းမြင့်တက်နေ
Published 9 May 2018

မန္တလေး ပဲဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေစဉ်

ယခုနှစ် ဇန်နဝါရီလ မြေထောက်ပဲသစ် ဈေးကွက်တွင် စပေါ်ကတည်းက သုံးတင်းဝင် အိတ် တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်ဖြင့် ဈေးရှိခဲ့ပြီး သြင်္ကန်ပြီးနောက်ပိုင်းတွင် တရုတ် အဝယ်နှင့် အိန္ဒိယအဝယ် အပြိုင်ဝယ်ယူ နေသောကြောင့် မန္တလေး ပဲဈေးကွက်တွင် မြေထောက်ပဲဈေးနှုန်း မကျဘဲ မြင့်တက်နေကြောင်း မန္တလေး ပဲကုန်သည်များထံက သိရသည်။

ယမန်နှစ် မြေထောက်ပဲသစ်ဈေးသည် ဇန်နဝါရီ လပေါ်ပေါ်ချင်း သုံးတင်ဝင်အိတ် တစ်အိတ်လျှင် ကျပ်ခုနစ်သောင်းကျော် ဈေးရှိပြီး ယခုနှစ်တွင် မြေထောက်ပဲ ဈေးကွက်ထဲ ဝင်ဝင်ချင်းပင် ဈေးနှုန်းတစ်သိန်းကျော်ဖြင့် စဝင်ပြီး ဈေးနှုန်းမကျဘဲ  တစ်သိန်းနှစ်ထောင်နှင့် တစ်သိန်းတစ်သောင်းကြား ဈေးနှုန်းရှိနေကြောင်း၊ မြေထောက်ပဲ လှိုင်လှိုင်ပေါ်သည့် မတ်လနှင့် ဧပြီလတွင် ဈေးမကျသည့်အတွက် ဇွန်၊ဇူလိုင်လတွင်  ပိုမိုဈေးတက်လာနိုင်ကြောင်း မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“လှိုင်လှိုင်ပေါ်တဲ့ မတ်လ၊ ဧပြီလတွေ မှာဈေးမကျဘဲ သြင်္ကန်အပြီး လှောင်လက်တွေ တစ်သိန်းအောက် ဈေးကျမယ်လို့ ထင်ထားပေမယ့် မြေထောက်ပဲက တခြားသီနှံတွေလို မဟုတ်ဘဲ တရုတ်ဝယ်လက်နဲ့ အိန္ဒိယ ဝယ်လက် အပြိုင်ဝယ်နေတာကြောင့် ဈေးကမကျဘဲ ရာသီလှိုင်လှိုင်ပေါ်ချိန်တောင် ဈေးနှုန်းက လက်ရှိဈေးနှုန်းသည် ကြမ်းခင်းဈေး သဘောဖြစ်နေတယ်။ နောက်ခြောက်လပိုင်း ခုနစ်လပိုင်းမှာ ဒီထက် ဈေးနှုန်းတက်လာစရာ အကြောင်းပဲရှိတယ်။ အရင်က အိန္ဒိယနိုင်ငံက ဝယ်နေတယ်။ အခုလေးနှစ်လောက် ကစပြီး တရုတ်ပြည်က ဝယ်လာတယ်။ အိန္ဒိယ ဝယ်လက်တစ်ခုတည်းတုန်းက ဈေးကစားပြီး ဝယ်ကြတယ်။ အခုတရုတ်ပြည်က စားသုံးမှုလည်းရှိပြီး သူတို့ဆီမှာ ပြုပြင်ပြောင်းလဲမှုလုပ်ပြီး တတိယနိုင်ငံများကို ကုန်ချောအဖြစ်နဲ့လည်း ရောင်းချကြတယ်။ အိန္ဒိယအဝယ်သမားတွေ အရင်လိုဈေးချပြီး ဝယ်လို့မရဖြစ်အောင် တရုတ်ဝယ်လက်က တောက်လျှောက် ဝယ်နေတဲ့ သဘောဖြစ်နေတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

မြေထောက်ပဲဈေးနှုန်း ယခင်က သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ မရောက်ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် မြေထောက်ပဲဈေးနှုန်းသည် ထူးခြားနှစ်ဟု ပြောလို့ရပြီး နောက်ဆုံးပိတ်ဈေး တစ်သိန်း နှစ်သောင်းအထိ ဈေးရှိခဲ့သည့်၂၀၁၈ခုနှစ် မြေထောက်ပဲသစ်ဈေး ပေါ်ပေါ်ချင်းပင် တစ်သိန်းကျော်ဈေး ရှိခဲ့သည်။

မြေထောက်ပဲသည် မိုးများသည့် ဒေသများနှင့် အပူပိုင်းဒေသများတွင် စိုက်ပျိုး၍ မရဘဲ ရာသီဥတု သင့်တင့်မျှတသည် ဧရာဝတီမြစ်ရိုး အထက်ပိုင်း မတ္တရာ၊ စဉ့်ကူးအထက်ပိုင်းမှစပြီး ကသာ၊ ဗန်းမော်ဒေသအထိ စိုက်ပျိုးကြကာ ချင်းတွင်းမြစ်ရိုး အထက်ပိုင်း ကလေး၊ ကလေးဝတို့တွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် ကသာ၊ ဗန်းမော်ဒေသမှ ထွက်သည့် မြေထောက်ပဲသည် အရောင်ညို အလုံးကြီးပြီး ဈေးကွက်ဝင် အကောင်းဆုံး မြေထောက်ပဲ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent