မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ဝယ်ယူမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေကြောင်း သိရ

မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ဝယ်ယူမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေကြောင်း သိရ
Published 8 May 2018

မုံရွာမြို့နယ်အတွင်းရှိ မြေကွက်အချို့အား တွေ့ရစဉ်

မုံရွာမြို့ တက္ကသိုလ်သုံးခုအနီးရှိ အိမ်ခြံမြေများအား စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသမှ လာရောက် ဝယ်ယူနေမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ် အားကောင်းနေကြောင်း မုံရွာအိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။

မုံရွာအိမ်ခြံမြေများသည် အရောင်းအဝယ် သွက်နေသော်လည်း အိမ်ဝန်းဈေးနှုန်းသည် ဈေးမတက်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသက လာရောက်ဝယ်ယူနေခြင်းသည် အိမ်ခြံမြေ လာရောက်ဝယ်ယူသူများဘက်က အဆောင်နှင့် လူများ သီးသန့်နေထိုင်ရန်အတွက် ယင်းကဲ့သို့ လာရောက်ဝယ်ယူ နေကြကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“အိမ်ခြံမြေ အရောင်းအဝယ်ကတော့ အခုလောလောဆယ်မှာ ရောင်းအားသွက်ပါတယ်။ ဈေးကတော့ မတက်ပါဘူး။ ဒါပေမဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကတော့ ပိုပြီးတော့ သွက်လာပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက အဝယ်တွေ ဆင်းလာကြတယ်။ အထက်ပိုင်းကလည်း အတော်လေးကို အဝယ်လိုက်ကြပါတယ်။ အချို့ကလည်း မုံရွာတက္ကသိုလ်တွေနဲ့ နီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် အဆောင်ဖွင့်ဖို့ ဝယ်ကြတယ်။ အချို့ကလည်း ဒီမှာပဲ အခြေချနေထိုင်ဖို့ရာ အတွက်လည်း ဝယ်ကြတယ်။ အဓိကတော့ ဒီချမ်းမြဝတီရပ်ကွက်ဆိုတာ တက္ကသိုလ်သုံးခုနဲ့ နီးတာကိုးဗျာ့။ ကျောင်းသုံး ကျောင်းနဲ့နီးတဲ့ ချမ်းမြဝတီရပ်ကွက်က အိမ်ခြံမြေတွေက ပိုပြီးတော့ အရောင်းအဝယ် အသွက်ဆုံးဖြစ်တယ်။ ဒုတိယကတော့ နန္ဒဝန်ရပ်ကွက်ပါ။ အဲဒီမှာလည်း အိမ်ခြံမြေကွက်တွေ ရောင်းအားကောင်းပါတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ကိုညိုဝင်းက ပြောကြားသည်။

ထိုသို့ မုံရွာအိမ်ခြံမြေများ အရောင်းအဝယ် အားကောင်းနေခြင်းသည် ကျပ်သိန်း ထောင်ချီတန်သည့် အိမ်ဝန်းများအား တန်ဖိုးနည်း မြေကွက်များအဖြစ် ဖော်ဆောင်ပြီး အိမ်ခြံမြေများ အရောင်းအဝယ် ပြုလုပ်သူများနှင့် ဝယ်ယူသူများအကြား အရောင်းအဝယ် ပြုလုပ်နေရကြောင်း၊ ဝယ်ယူသူများ ဘက်ကလည်း တန်ဖိုးနည်းမြေကွက်များ ဖြစ်သည့်အတွက် ပိုမိုဝယ်ယူလာကြကြောင်း မုံရွာအိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ကိုမြတ်ထိုက်စိုးက ဆိုသည်။

“တစ်ထောင်တန် အိမ်ဝန်းတွေကို သူ့အစိတ်နဲ့သူ၊ သူ့အပိုင်းနဲ့သူ ပိုင်းပြီးတော့ ရောင်းကြတော့ တစ်ပိုင်တစ်နိုင်ပေါ့နော်။ တစ်ထောင်တန်ကို လူတိုင်းမဝယ်နိုင်ပေမဲ့ တစ်ထောင်တန်ကို စိတ်ပြီးတော့ ရောင်းလိုက်တော့ ဝယ်နိုင်တဲ့သူလည်း များတယ်။ အဲဒီလိုတွေ စိတ်ရောင်းကြတော့ အိမ်ခြံမြေ ဝယ်လက်ကလည်း ပိုပြီးတော့ သွက်လာတယ်။ အိမ်ဝန်းဝယ်ယူသူတွေ အနေနဲ့ ဂရန်စတာတွေကို သေချာစိစစ်ပြီးတော့ ကျွန်တော်တို့က ရောင်းချပေးတာပါ။ စာရွက်စာတမ်းမစုံတဲ့ မြေကွက်တွေဆိုရင် ကျွန်တော်တို့ ပွဲစားတွေကလည်း အရောင်းအဝယ် မလုပ်ပါဘူး။ စာရွက်စာတမ်းစုံတော့ ဝယ်တဲ့သူတွေ အနေနဲ့လည်း စိတ်ချမ်းသာတယ်။ ရောင်းတဲ့သူ အနေနဲ့လည်း စိတ်ချမ်းသာတယ်” ဟု ၎င်းကဆိုသည်။

မုံရွာအိမ်ခြံမြေ အရောင်းအဝယ်သွက်နေသည့် ရပ်ကွက်ကြီးသုံးခုသည် ချမ်းမြဝတီရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့ဖြစ်ကြောင်း၊ ယင်းရပ်ကွက်ကြီး သုံးခုသည် တက္ကသိုလ်ကြီး သုံးခုနှင့် အလွန်နီးကပ်နေကြောင်း၊ ချမ်းမြဝတီရပ်ကွက်သည် တက္ကသိုလ်ကြီး သုံးခုကြားမှာ တည်ရှိနေသောကြောင့် ယင်းရပ်ကွက် အတွင်းရှိ အိမ်ခြံမြေများက အရောင်းအဝယ် ပိုမိုအားကောင်းကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးတော်ဆောင် (မုံရွာ) ကိုဇော်ထွန်းက ဆိုသည်။

“မုံရွာမှာ အိမ်ခြံမြေ အရောင်းအဝယ် အားကောင်းဆုံးနေရာကတော့ သုံးခုလောက်ပါပဲ။ ချမ်းမြဝတီရပ်ကွက်ရယ်၊ နန္ဒဝန်ရပ်ကွက်ရယ်၊ မြို့သစ်ရပ်ကွက်ရယ်ပေါ့နော်။ အားလုံးထဲမှာတော့ ဒီချမ်းမြဝတီက ပိုပြီးတော့ အားကောင်းတယ်။ ချမ်းမြဝတီရပ်ကွက်က အဓိကတော့ဗျာ မိန်းတက္ကသိုလ်ကြီး သုံးခုကြားမှာ တည်နေတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မုံရွာမြို့တွင် အစိုးရက တရားဝင် ဂရန်ချပေးထားသည့် ရပ်ကွက်ကြီးသုံးခု အတွင်းရှိ အိမ်ခြံမြေများ၏ ဈေနှုန်းများသည် ၁၀ ပေ နှင့် ပေ ၄၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀၊ ပေ ၃၀ နှင့် ပေ ၈၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀၊ ပေ ၃၀ နှင့် ပေ ၅၀ မြေကွက် တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀ အထိ ရှိကြောင်း သိရသည်။

Most Read

Most Recent