မတ္တရာမြို့နယ်တွင် သံဃာတစ်ပါး ဦးဆောင်ပြီး ကလေးတစ်ဦးအား အုပ်စုဖွဲ့ တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသံဃာမှ ကလေးငါးဦးနှင့် လူကြီးနှစ်ဦးကို သရက်သီးခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ထား

မတ္တရာမြို့နယ်တွင် သံဃာတစ်ပါး ဦးဆောင်ပြီး ကလေးတစ်ဦးအား အုပ်စုဖွဲ့ တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသံဃာမှ ကလေးငါးဦးနှင့် လူကြီးနှစ်ဦးကို သရက်သီးခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ထား
Published 8 May 2018

အုပ်စုဖွဲ့ကာ ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သံဃာတစ်ပါးအပါအဝင် အုပ်စုဖွဲ့ကာ  ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်များက သတင်းစာ ရှင်းလင်းပွဲကို မေ ၇ ရက်က မန္တလေးမြို့ ကွန်မြူနတီစင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်အရ ရိုက်နှက်ခဲ့သည့် သံဃာမှ ကလေးငါးဦးနှင့် လူကြီးနှစ်ဦးကို သရက်သီးခိုးမှုဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာလွင်ဦးကျောင်းတွင် ဧပြီ ၂၁ ရက်က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အရိုက်ခံရသူကလေး၏ အုပ်ထိန်းသူများက ကျေနပ်မှု မရှိသောကြောင့် သံဃာကို အမှုဖွင့် တိုင်ကြားခဲ့ရာ ပုဒ်မ ၃၂၅/၃၂၃တို့ဖြင့် မတ္တရာမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ ထိုသို့ အမှုဖွင့်ရာတွင် ယင်းသံဃာကို အာမခံပေးထားသဖြင့် ဖမ်းဆီးထားခြင်း မရှိကြောင်း မတ္တရာ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်ဝင်းဇော်က ပြောကြားသည်။

မတ္တရာမြို့နယ် ကင်းရွာတွင် နေထိုင်သည့် ရှစ်တန်းကျောင်းသား မောင်ဝေဖြိုးနိုင်နှင့် ကျောင်းသား တစ်ဦးတို့ သရက်သီးခူးရာမှတစ်ဆင့်  အဆိုပါကိစ္စ ဖြစ်ပွားခဲ့ကြောင်း၊ ခွေးပါးစပ်မှ နတ်စကား ထွက်သည်ဟု မောင်ဝေဖြိုးနိုင်က ပြောဆိုခဲ့သည်ကို ဦးပဉ္စင်းအား ပြန်လည် တိုင်ကြားခဲ့ခြင်းကြောင့် တုတ်ဖြင့် ရိုက်ခံခဲ့ရကြောင်း၊ ရိုက်ခံရသည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

“ကလေးက ခုချိန်ထိ ကောင်းမွန်ခြင်း မရှိသေးဘဲ စိတ်ဒဏ်ရာ ရရှိနေတဲ့အတွက် ကျောင်းတက်ဖို့ ကျူရှင်မတက်နိုင်သေးဘူး။ ခုလိုရိုက်နှက်တာတွေကို ကျူးလွန်တဲ့အပြင် သားနဲ့ သူငယ်ချင်း ငါးယောက် အပါအဝင် အစ်မနဲ့ အန်တီကိုပါ သရက်သီးခိုးမှုနဲ့ တရားရုံး ဦးတိုက်လျှောက်ထားတာကြောင့် စခန်းက လာစစ်သွားပါတယ်။ ခုလိုမျိုး ကျွန်တော့်သားလေးကို ဝိုင်းဝန်းရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အမှန်တိုင်း အမြန်ဆုံးဖြစ်စေချင်လို့ ခုလိုရှင်းလင်းပွဲ လုပ်ရခြင်း ဖြစ်ပါတယ်” ဟု မောင်ဝေဖြိုးနိုင်၏ ဖခင်ဖြစ်သူ ကိုသူရနိုင်က ပြောကြားသည်။

ဘုန်းကြီးတစ်ပါး အပါအဝင် ၁၆ ဦးခန့်မှ ကလေးတစ်ဦးကို ဆံပင်ဆွဲ၊ တုတ်ဖြင့်ရိုက်၊ မျက်နှာကို တုတ်ဖြင့်ရိုက်သည့် ဗွီဒီယိုဖိုင်နှစ်ခုသည် လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ရိုက်နှက်ခံရမှုများကြောင့် မောင်ဝေဖြိုးနိုင်မှာ ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဆေးရုံတွင် တစ်ပတ်ကျော် ကြာသည်အထိ ဆေးကုသမှုခံယူခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေသည်ဟု မိသားစုဝင်များက ဆိုသည်။

Most Read

Most Recent